ပုံပါကျင်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးရေလျှံမှုဖြစ်ပွား

ပုံပါကျင် ဩဂုတ် ၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ယမန်နေ့နံနက် ၆ နာရီအချိန်မှ စ၍ မိုးသည်းထန်စွာရွာသွန်းသဖြင့် (၇)နာရီအချိန်ခန့်တွင် ပုံပါကျင်မြို့၊အမှတ်(၄)ရပ်ကွက်ရှိနမ့်ဟူး‌ချောင်း‌ရေလျှံမှု‌ကြောင့် ထိုရပ်ကွက်အတွင်းရှိ နေအိမ်များရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိ‌ကြောင်း သိရသည်။

ထိုဖြစ်စဉ်တွင် ရှေ့တန်းစစ်ဗျူဟာ (မိုင်းတုံ)မှဗိုလ်ကြီးကျော်စိုးမိုးဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများကပူးပေါင်း၍ ရပ်ကွက်တွင်းရှိ သစ်သားတံတားတွင် အမှိုက်များပိတ်ဆို့နေမှုအားဖယ်ရှားရှင်းလင်းပေးခြင်း၊ ရေနစ်မြှုပ် လျက်ရှိသောဒေသခံများအား ဘေးလွတ်ရာသို့ပြောင်းရွေ့ပေးခြင်းနှင့် ပျက်စီးဆုံးရှုံးမှုများအား စိစစ်ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

ထို့‌နောက်ပုံပါကျင်မြို့၊ ပုံအံ့ကျေးရွာတွင်နမ့်ဟန်ချောင်းရေလျှံမှုကြောင့် မြေနိမ့်ပိုင်းရှိနေအိမ်များ ရေကြီးနစ်မြုပ်လျက်ရှိသောကြောင့်တာဝန်ရှိ ဌာနဆိုင်ရာများက ပျက်စီးဆုံးရှုံးမှုများအား စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး နားကောင်းမူး-ပုံပါကျင်သွားကားလမ်း၊ ဟွေအော့ကျေးရွာနှင့် နမ့်အွန်ချောင်းပေါ်တွင် တည်ဆောက်ထားသောတံတားသည် ရေတိုက်စားမှုကြောင့်ပြိုကျ ပျက်စီးခဲ့ပြီး ပျက်စီးဧရိယာ (၁၅၀)ပေခန့်ရှိကြောင်း သိရသည်။

ဖြူနိုင်(ပြန်/ဆက်)