မလှိုင်မြို့၌  ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်

မလှိုင်  ဩဂုတ် ၁၃

မလှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မလှိုင် အ.ထ. က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာသန့်ဇင်လတ်က ကျောင်းသား/သူများအား မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများနှင့် ခြင်ကြောင့် ဖြစ်ပွားသောရောဂါများအကြောင်း၊ လည်းကောင်းတို့အနက် သွေးလွန်တုပ်ကွေး ရောဂါသည် မိုးရာသီတွင် အဖြစ်အများဆုံးဖြစ်ပြီး အသက်(၁၅)နှစ်အောက်တွင်အဖြစ်များကြောင်း၊ သွေးလွန်တုပ် ကွေး ရောဂါသည် ခြင်ကိုက်ခံရသဖြင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေး ရောဂါ လက္ခဏာများအကြောင်း၊ သွေးလွန်တုပ် ကွေးရောဂါဖြစ်စေသော ခြင်သည်ရေကြည်၊ ရေသန့်တွင် ပေါက်ပွားပြီး ခြင်ဘဝမရောက်မီ ပိုးလောက်လန်းဘဝတွင် နှိမ်နင်းခြင်းသည် အထိ ရောက်ဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် ပိုးလောက်လန်းများ မပေါက်ပွားစေရန် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ဘုရားပန်းအိုး၊ ရေအိုး၊ ရေကန်များကို မကြာခဏ  ဖုန်း၊ သွန်၊ လဲ၊ စစ်ဆေးခြင်းကို ဆောင်ရွက်သင့်ကြောင်း၊ ကျောင်းသား/သူများခြင်ကိုက်မခံရအောင် သတိထားနေထိုင်ကြရန် အသိပေးမှာကြားလိုကြောင်း၊ ဖြစ်နိုင်လျှင် ဆေးစိမ် ခြင်ထောင်များနှင့်အိပ်သင့်ကြောင်း အပြန်အလှန်မေးမြန်း ဆွေးနွေး  ဟောပြောခဲ့သည်။  ဆက်လက်၍  မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သွားဆရာဝန် ဒေါက်တာချမ်းသာဦးက သွား တစ်ချောင်းနှင့် သွားဖုံးသား ဖွဲ့စည်းတည်ဆောက်ထားပုံ၊ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ သွားပိုးစား ရောဂါ ဖြစ်ပွားလာပုံနှင့် နောက်ဆက်တွဲဖြစ်စဉ်များ၊ စစ်မှန်သော သွားတိုက်နည်းအကြောင်းများကို ရှင်းလင်းပြောကြားပြီး သွားတိုက်နည်းကို သရုပ်ပြပုံနှင့်တကွ လက်တွေ့ သရုပ်ပြသပေးခဲ့သည်။

ယင်းနောက် ကျောင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှုရှိ/မရှိ  စစ်ဆေးပြီး ကျောင်းတွင်းရှိ ရေအိုး၊ ရေကန်များအား ဖုံး၊ သွန်၊ လဲ စစ်ဆေးခြင်း၊ အဘိတ်ဆေးများခတ်ခြင်းတို့ကို ကျန်းမာရေးဝန်ထမ်းများနှင့်မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ယင်းနောက်   ကျောင်းသား/သူများ အား တစ်ကိုယ်ရေသန့်ရှင်းမှုရှိ/မရှိ၊ လည်ပင်းကြီးရောဂါရှိ /မရှိ၊ သွားနှင့်ခံတွင်း ရောဂါ ရှိ/မရှိ ကို ဒေါက်တာချမ်းသာဦးနှင့်အဖွဲ့က စစ်ဆေးပီး သံချဆေးများ တိုက်ကျွေးပေးခဲ့ကြကြောင်းသည်။  

 အောင်ဌေး(မလှိုင်)