မြောက်ဦး ဩဂုတ် ၁၂
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန(၃)တို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောခြင်းကို မင်းသားကျွန်းရပ်ကွက် အ.ထ.က (၁) ကျောင်း၌ ယမန်နေ့က ဟောပြောခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများမှ ကလေးလူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး၊ မူးယစ်အန္တရာယ်လူ့ရန်စွယ်နှင့် လူကုန်ကူးခြင်းကင်းဝေးစေဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းစို့ ခေါင်းစဉ်များဖြင့် တက်ရောက်လာကြသော ကျောင်းသူ/ကျောင်းသားများကို သိရှိနား လည်စေရန် ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ် ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ရေဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ် များ ကြုံတွေ့လာရပါက ကျောင်းသူ/ကျောင်းသားများ ဆောင်ရန်ရှောင်ရန် အချက်များဖြစ်သည့် ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက်ပြုလုပ်ရန်အချက်များ၊ ရေကြီးပြီးနောက် ရှောင်ရှားသင့်သည့် အချက်များ ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဝန်ထမ်းများမှလည်း မိုင်းအန္တရာယ် အသိပညာပေးခြင်း ခေါင်းစဉ်ဖြင့် ပြောကြားရာတွင် မြေမြှပ်မိုင်းအန္တရာယ် ကြိုတင်တားဆီးကာကွယ်နိုင်ရေးအတွက် ကျေးလက်နေပြည်သူများ သိသင့်သိထိုက်သော ဆောင်ရန်/ ရှောင်ရန်အချက်များ၊ မိုင်းအန္တရာယ်အသိပေး အမှတ်အသားများ၊ ထိခိုက်ပေါက်ကွဲစေတတ်သော မိုင်းများနှင့် ပတ်သက်၍လည်းကောင်း၊ ပေါက်ကွဲ စေတတ်သောမြေမြှပ်မိုင်းနှင့် စစ်အကြွင်း အကျန်လက်နက်များအား ကျောင်းသူ/ ကျောင်းသားများ၏ ဘေးပတ်ဝန်ကျင်တွေ့ရှိလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို အသိပေးအကြောင်းကြားကြရန် စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုအသိပညာဟောပြော ပွဲသို့ တက်ရောက်လာကြသော ကျောင်းသူ/ကျောင်းသား (၂၅၀) ဦးခန့်ရှိပြီး သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)