ပျဉ်းမနား ဩဂုတ် ၁၂
ကန်ထရိုက်လယ်ယာ စာချုပ်ချုပ်ဆိုစိုက်ပျိုးကြသည့် တောင်သူများအား စိုက်ပျိုးစရိတ်နှင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ပြည်ထောင်းစုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာရှိ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက်(MAPCO) ဆန်စက်၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက်(MAPCO)မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းအောင်က တောင်သူများဖြင့် ကန်ထရိုက်လယ်ယာစာချုပ်ချုပ်ဆို စိုက်ပျိုးဆောင်ရွက်နေမှုအခြေအနေများနှင့် စိုက်ပျိုးစရိတ်၊ သွင်းအားစုများထောက်ပံ့ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမူစီးပွားဘဝများ ဖွံဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေရရှိရေး၊ သွင်းအားစုများအား ဈေးနှုန်းသက်သာစွာ ထောက်ပံ့ပေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များရရှိစေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ ဒေသခံတောင်သူများအားလုံးကလည်း သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်ပူးပေါင်းကာ ကြိုးစား ဆောင်ရွက်ကြဖို့လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးပြုနိုင်သည့် သဘာဝမြေဩဇာများကို စနစ်တကျထည့်သွင်းအသုံးပြုကြဖို့လိုကြောင်း၊ သီးနှံထွက်ကုန်များ အရည်အသွေးကောင်းမွန်စေရေးဆောင်ရွက်မှုနှင့်အတူ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးထုတ်လုပ်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်သွားကြဖို့လိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန်က ပြည်ထောင်စုနယ်မြေအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
၎င်းနောက် စိုက်ပျိုးစရိတ်ထောက်ပံ့ငွေ တစ်ဧကလျှင်ကျပ်(၅)သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ပျဉ်းမနားမြို့နယ်အတွင်း ကန်ထရိုက်လယ်ယာ စာချုပ်ချုပ်ဆိုစိုက်ပျိုးထားသည့် တောင်သူများအားလည်းကောင်း၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းအောင်က ဒက္ခိဏသီရိမြို့နယ်အတွင်း ကန်ထရိုက်လယ်ယာစာချုပ်ချုပ်ဆိုစိုက်ပျိုးထားသည့် တောင်သူများအားလည်းကောင်း၊ တိုင်းဦးစီးမှူး ဦးဝင်းထိန်က လယ်ဝေးမြို့နယ်အတွင်း ကန်ထရိုက်လယ်ယာစာချုပ်ချုပ်ဆို စိုက်ပျိုးထားသည့် တောင်သူများအားလည်းကောင်း အသီးသီးပေးအပ်ကြသည်။
ထို့နောက် ကန်ထရိုက်လယ်ယာ စာချုပ်ချုပ်ဆိုစိုက်ပျိုးကြသည့် ဒေသခံတောင်သူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များအားတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီး မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများ ပိုင်ကုမ္ပဏီလီမိတက်(MAPCO)မှ သဘာဝမြေဩဇာ စမ်းသပ်ထုတ်လုပ်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ တောင်သူအကျိုးပြုလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖေါ် ဆောင်ရွက်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍မှာကြားခဲ့ကြောင်း သိရသည်။
ယနေ့အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ကန်ထရိုက်လယ်ယာ စာချုပ်ချုပ်ဆိုစိုက်ပျိုးကြသည့် တောင်သူများအတွက် တစ်ဧကလျှင် ကျပ်(၅)သောင်းနှုန်းဖြင့် ငွေကျပ်(၂၆၇)သိန်း(၅)သောင်းကျပ်အား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇော်မင်းလွင်(ပြန်/ဆက်)