မြစ်ကြီးနား ဩဂုတ် ၁၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အမှတ် (၁၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှကြီးမှူး၍ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းကို ဩဂုတ် ၁၂ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်အစိုးရ အဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး မြစ်ကြီးနားမြို့ အမှတ် (၁၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှူး ရဲမှူးစိုးမင်းက လူကုန်ကူးမှုဖြစ်စဉ်များ ဖြစ်ပွားလာပါက ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့မှ ဥပဒေများနှင့်အညီ ဆောင်ရွက်တက်စေရေးအတွက် ယခုသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ သင်တန်းကို ဩဂုတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူကုန်ကူးမှုအခြေအနေများ၊ လူကုန်ကူးမှု စိစစ်ဖော်ထုတ်သည့် မှတ်တမ်းပုံစံဖြည့်သွင်း မှုများအား တာဝန်ရှိသူများမှ စာတွေ့လက်တွေ့ လေ့ကျင့်ဆွေးနွေးသွားမည်ဖြစ်ကာ သင်တန်းသို့ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး အဖွဲ့ဝင်(၅၀)ဦး ကျော် တက်ရောက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)