ရွှေကူမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

ရွှေကူ သြဂုတ် ၁၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်း အမှတ် စာအုပ်စာစောင်ပြပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုပေးပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ပပသိန်းက ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့်  စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ ကြွယ်ဝ စေရန်၊ လူအများရှေ့တွင် ရဲရဲဝံ့ဝံ့ပြောဆိုတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး အားလပ်ချိန်ကို တန်ဖိုးရှိစွာအသုံးချတတ် စေရန်ရည်ရွယ်၍ ယခုကဲ့သို့ ပြိုင်ပွဲများ ကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီး  ပြိုင်ပွဲကို ဆက်လက်ကျင်းပ ခဲ့ရာ အဆိုပါ ပုံပြင်ပြောပြိုင်ပွဲသို့ ရွှေကူမြို့ နယ်အတွင်းရှိ အခြေခံပညာကျောင်း (၇)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဆုပေးပွဲကိုဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခြင်းနှင့် ပြိုင်ပွဲ ဝင်များအား မေတ္တာလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်များနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲများကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခင်ပပသိန်း(ပြန်/ဆက်)