မြစ်ကြီးနားမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားနှင့် ကျောင်းသားကလေးငယ်များအား အာဟာရတိုက်ကျွေး

မြစ်ကြီးနား သြဂုတ် ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားနှင့် ကျောင်းသားကလေးငယ်များအား အာဟာရတိုက်ကျွေးခြင်း တို့ကို ယနေ့ နံနက် ၉ နာရီခွဲက မြို့တော်ခန်းမနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားကို မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ကျန်းမာသန်စွမ်း သည့် လူအဖွဲ့အစည်း တည်ဆောက်နိုင်ရေးအတွက် ကျောင်းသား လူငယ်များ၏ ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ရေးသည် အဓိကကျသော ကဏ္ဍဖြစ်ပါကြောင်း၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်စာသင်ကျောင်းများရှိ မူလတန်း၊ အလယ်တန်း၊ အထက် တန်းကျောင်းသား၊ ကျောင်းသူ (၃၀၀၀၀၀)နီးပါးအား ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရေးနှင့် သန့်ရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းပတ်ဝန်းကျင်များ ပေါ်ထွန်းလာစေရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၏ ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ် ဗီဒီယိုကလစ်အား ဖွင့်လှစ်ပြသပြီး အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံစုပေါင်းရိုက်ကူးကြကာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဖြစ်သည့် စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခမ်းအနား အထိမ်းအမှတ် ပြသထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးသီတင်း ပတ်လှုပ်ရှားမှု အဖြစ် ကျောင်းသား၊ ကျောင်းသူလေးများ၏ ပန်းချီ၊ ကာတွန်း၊ စာစီစာကုံးနှင့် စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ကျင်းပ ထားရှိမှုနှင့် ကျောင်းတွင်း အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများအန္တရာယ် ကင်းဝေးရေးအတွက် ပြသထား သည့်  အစာအုပ်စုပြခန်းအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး မူလတန်းကျောင်းသား ကလေးငယ်များ အား အာဟာရတိုက်ကျွေးရေး အစီအစဉ်အဖြစ် နွားနို့၊ ကြက်ဥနှင့် ငှက်ပျော်သီးများကို ဝေငှကျွေးမွေးခဲ့ကြသည်။

ယင်းနောက် အေးမြသီတာခန်းမ၌ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် ကာကွယ်ဆေးထိုး လုပ်ငန်း ဆောင်ရွက်ပေးနေမှု၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များနှင့် ကျောင်းအခြေပြု ကျန်းမာမူအသိပညာမြှင့်တင်ရေးအတွက် ကျောင်းသားကလေးငယ်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား မိဘများအား ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)