ပလပ်စတစ်သုံးစွဲမှုလျော့နည်းစေရေး အသိပညာပေးဆွေးနွေးပွဲ လားရှိုးမြို့ Community Centre တွင် ကျင်းပ

လားရှိုး ဩဂုတ် ၁၂

ယနေ့အချိန်ကာလတွင် ပလပ်စတစ်သုံးစွဲမှုသည် ရေမြေသတ္တဝါများနှင့် သဘာဝပတ်ဝန်းကျင်များကို ပျက်စီးယိုယွင်းအောင် ခြိမ်းခြောက်လျက်ရှိသဖြင့် ပလပ်စတစ်သုံးစွဲမှု လျော့ချစေရေးအတွက်  “ ပလပ်စတစ် သုံးစွဲမှုလျော့ချရေး အသိပညာပေးဆွေးနွေးပွဲ” ကို ယနေ့နံနက် (၁၀)နာရီအချိန် က လူထုအခြေပြုဗဟိုဌာန Community Centre (Lashio)  ရှိ ဘက်စုံသုံးခန်းမတွင်  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး(လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးဇော်လင်းထွန်း၊ လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ လားရှိုးမြို့ပေါ် ရပ်ကွက်(၁၂)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လားရှိုးမြို့ပေါ်ရှိ ပလပ်စတစ်သုံးစွဲ၍ ဈေးဆိုင်ဖွင့်လှစ်ရောင်းချသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးကျော်ကျော်ဦး က အဖွင့်အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ပွင့်ဖြူစင်မြင့် က  “ ပလပ်စတစ် ညစ်ညမ်းမှုအန္တရာယ်” အကြောင်းကို Video Clip ဖြင့်ပြသ၍လည်းကောင်း ၊  လားရှိုးမြို့နယ် စည်ပင်သာယာရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဦးတိုးဇော်ထွန်း က “ လားရှိုးမြို့ပေါ်တွင် အမှိုက်သိမ်းစနစ် ဆောင်ရွက်နေမှု အခြေအနေများနှင့် စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရေး ” အကြောင်းကိုလည်းကောင်း၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင် က “ လားရှိုးမြို့အတွင်း လက်ရှိဆောင်ရွက်နေသည့် အမှိုက်စွန့်ပစ်နေမှု အခြေအနေများနှင့် အမှိုက်စွန့်ပစ်သည့်စနစ် ပိုမိုကောင်းမွန်လာစေရေး၊ လူထုအခြေပြုဗဟိုဌာန (လားရှိုး)၏ ဝန်ဆောင်မှု ဆောင်ရွက်နေမှုများအကြောင်း ” ကို Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)