သိန္နီ ဩဂုတ် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့ချရေးအတွက် ပလတ်စတစ်သုံးစွဲမှုအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က သိန္နီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဟောပြောခဲ့သည်။
ဟောပြောပွဲတွင် သိန္နီမြို့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကြည်လင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် သိန္နီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်ဥမ္မာချိုက ပလတ်စတစ်သုံးစွဲမှုအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် “ကမ္ဘာနှင့်အဝန်း ပလတ်စတစ်သုံးစွဲမှုများ တိုးတက်မြင့်မားလျက်ရှိကြောင်း၊ စူပါမားကတ်၊ စတိုးဆိုင်၊ အရောင်းဆိုင်၊ ဈေးဆိုင်နှင့်ဈေးများတွင် ပစ္စည်းများရောင်းချရာ၌ ပလတ်စတစ်အိတ်များကို တွင်ကျယ်စွာ အသုံးပြုလျက်ရှိသကဲ့သို့ အိမ်ရှင်မအမျိုးသမီးများအနေဖြင့် ဈေးဝယ်ရာတွင်လည်း ပလတ်စတစ်အိတ်များကို လွန်ကျွံစွာသုံးစွဲလျက်ရှိကြောင်း၊ နေ့စဉ် စွန့်ပစ်အမှိုက်များတွင် ပလတ်စတစ်အိတ်များ သိန်းနှင့်ချီ၍ စွန့်ပစ်လျက်ရှိကြောင်း၊ အဆိုပါ ပလတ်စတစ်အိတ်များမှ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်ဆီးမှုများရှိကြောင်း၊ ပလတ်စတစ် အိတ်များမီးရှို့ဖျက်ဆီးရာတွင်လည်း လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ရေနေသတ္တဝါများ အတွက်လည်း ကြီးမားသောအန္တရာယ်များဖြင့် ရင်ဆိုင်လျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် ပလတ်စတစ် အိတ်သုံးစွဲမှုကို ဥပဒေအရတားမြစ်ထားကြောင်း၊ မြန်မာနိုင်ငံတွင် ပလတ်စတစ်အိတ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အိမ်ရှင်မအမျိုးသမီးများနှင့် ဈေးဝယ်သူများအနေဖြင့် ပလတ်စတစ်အိတ်သုံးစွဲမှုကို လျော့ချသင့်ပါကြောင်း” ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ သိန္နီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများသည်၎င်းတို့၏ ရပ်ကွက်/ကျေးရွာများတွင် ပလတ်စတစ်အိတ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများကို ဆင့်ပွားပို့ချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
စောဥမ္မာ(သိန္နီ)