နမ္မတူမြို့နယ်၌ မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်

 

နမ္မတူ ဩဂုတ် ၁၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)မှ မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)မှ ပြန်ကြားဆက်သွယ်ရေးအရာရှိ ဦးမိုင်းအိုက်လောဒ်က လူသတ်မြေမြုပ်မိုင်းနှင့် ယာဉ်ဖျက်မိုင်းတို့၏ ခြိမ်းခြောက်မှု အန္တရာယ်များ၊ ပေါက်ကွဲစေတတ်သော မိုင်းများ၊ အပိုင်းအစအဖြစ် ဖြာထွက်သော မိုင်း/တိုက်မိုင်း၊ ခုန်ပြီးဖျာထွက်သောမိုင်း၊ ရှေ့ထွက်မိုင်း၊ မပေါက်ကွဲသေးသော စစ်လက်နက်ခဲယမ်း များနှင့် လက်လုပ်ဗုံးများ၏ ထိခိုက်ဖျက်စီးနိုင်သည်များနှင့် ဆောင်ရန်ရှောင်ရန်နည်းလမ်းများ၊ အန္တရာယ်အသိပေး အညွန်းများအကြောင်းနှင့် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရပုံစံအလိုက် ရှေ့ဦးပြုစုခြင်း နည်းလမ်းများအား  အသိပညာပေးဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)မှ ပြန်ကြားဆက်သွယ်ရေးအရာရှိ ဦးမိုင်းအိုက်လောဒ်က ပြန်လည် ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)