တာမွေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

တာမွေ ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ စားဝတ်နေရေး အဆင်ပြေစေရေးအတွက်  ယနေ့နံနက်ပိုင်းအချိန်က တာမွေ(ယာယီ)စျေးမှ စျေးရုံကိုယ်စားလှယ် ဦးကြည်မြင့်နှင့် မိသားစုက မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့ လှူဒါန်းရာတွင် မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ဆန်(၃)ပြည်ပါတစ်အိတ်နှင့် အခြေခံစားသောက်ကုန်များကို ထောက်ပံ့လှူဒါန်းခြင်းဖြစ်ပြီး ယခုလှူဒါန်းမှုသည် (၆)ကြိမ်မြောက်ဖြစ်ကြောင်း အလှူရှင်မိသားစုထံမှ သိရသည်။

“ကျွန်တော်ကတော့ ဒီတာမွေ(ယာယီ)စျေးရှေ့မှာ ဆိုက်ကားနင်းလာတာ (၁၀)ကျော်ရှိပါပြီ။ ကိုဗစ်ကာလ ကနေစပြီး ယနေ့အထိ မိသားစုစားဝတ်နေရေးက အရင်ကလို အဆင်မပြေပါဘူး။ မိသားစုဝင်များတာလည်း ပါတာပေါ့နော်။ ကျွန်တော်တို့ မိသားစုတွေ စားဝတ်နေရေး အဆင်မပြေတဲ့အချိန်မှာ အခုလို တစ်ဖက်တစ်လမ်းက စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် လှူဒါန်းပေးမှုအပေါ် အလှူရှင်မိသားစုကို အရမ်းကိုကျေးဇူးတင်ပါတယ်။ နောင်လည်း ဒီထက်မက ထပ်မံလှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ဆိုက်ကားဆရာ ကိုကျော်စွာမင်းက ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)