မိုင်းဆတ် ဩဂုတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အားကစားနှင့်ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်စန်းစန်းယဉ်က လူငယ်များကို အနာဂတ်တွင် နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားလူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ စိတ်ဓါတ်မြှင့်တင်ရေး၊ ကျန်းမာရေးနှင့်ကြံ့ခိုင်ရေး အကြောင်းများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
အဆိုပါ အားကစားနှင့်ကျန်းမာရေးအသိပညာပေးဟောပြောပွဲအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အနာဂတ်မျိုးဆက်သစ်များ၏ စိတ်ဓာတ်မြှင့်တင်ရေးနှင့် လမ်းမှန်ပေါ် လျှောက်လှမ်းနိုင်ပြီး စဉ်းစားတွေးခေါ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)