မိုးကောင်း ဩဂုတ် ၁၂
မြန်မာ့ဂီတ၊ မြန်မာ့အကနှင့် မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို ပြန်လည်ဖော်ထုတ်ရေး၊ လူငယ်ထု၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ထွန်းရေးနှင့် မျိုးချစ်စိတ် ဇာတိမာန်ပြန်လည် ထွန်းကားရေးနှင့် တိုင်းတစ်ပါးယဉ်ကျေးမှု လွမ်းမိုးခြင်းမှ ကာကွယ်တားဆီးရန် ရည်ရွယ်၍ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အထက(၁)ကျောင်းမဉ္ဇူသကခန်းမ၌ (၂၃)ကြိမ် မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့် ပြိုင်ပွဲကို ယနေ့ နံနက်(၈)နာရီခွဲတွင် ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် အသက်(၁၅)နှစ်မှ အသက်(၂၀)နှစ် အမျိုးသမီးအက(၂)ဦးနှင့် အမျိုးသားအက (၁)ဦး၊ အသက်(၁၀) နှစ်မှ (၁၅)နှစ် အမျိုးသမီးအဆို (၅)ဦးနှင့် အမျိုးသားအဆို (၁)ဦး၊ အထက(၁) ဒိုးပတ်အဖွဲ့၊ အသက်(၁၀)နှစ်မှ (၁၅)နှစ် အမျိုးသမီးအက(၃)ဦးနှင့် အမျိုးသားအက(၂)ဦး အသက်(၁၅)နှစ်မှ အသက်(၂၀) အမျိုးသမီးအဆို (၁)ဦး ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မိုးကောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၊ ကျောင်းပေါင်းစုံမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းသားမိဘ အသင်းဝင်များ တက်ရောက်ပြီး ပြိုင်ပွဲအသီးသီးမှ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တာဝန်ရှိသူများက ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး