မြောက်ဥက္ကလာပမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်သိပညာပေး Talk Show ကျင်းပ

မြောက်ဥက္ကလာပ သြဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ​ ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး Talk Show ကို မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှလှထွေးနှင့် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်တို့မှ အပြန်အလှန်ဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ရာ ပြည်ထောင်စုနိုင်ငံတစ်ခုဖြစ်သည်နှင့် အညီမတူကွဲပြား သောရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ သမိုင်းကြောင်းအသီးသီးတို့၏ လူမှုဘဝနေထိုင်မှု ပုံစံမတူညီပုံများ၊ လူငယ်ဆိုတာ အလာအလာကောင်းများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံ၏ အကောင်းအဆိုးသည် လူငယ်များ၏ဖွံဖြိုးတိုးတက်မှုနှင့် စွမ်းရည်များသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေပုံများ၊ လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းတာဝန်ယူကြရမည့် အနာဂတ်နိုင်ငံတော်ကို ပုံဖော်ကြရမည့်သူများ၊ ကမ္ဘာ့ကုလသမဂ္ဂမှ ထုတ်ဝေသည့် လူငယ်များအတွက် ဆောင်ရွက်မည့် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက် ကဏ္ဍပေါင်းများစွာရှိပုံများ စသည်ဖြင့် နိုင်ငံ၏သားကောင်း လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်များအတွက် အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြောက်ဥက္ကလာပမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်အတွက် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ၊ သုတ၊ ရသ စာပေဆွေးနွေးပွဲများ၊ ကဗျာရွတ်၊ ပုံပြင်ပြောခြင်း အစီအစဉ်များနှင့် ကာယဉာဏ ဖွံဖြိုးရေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)