ကော့မှူး ဩဂုတ် ၁၂
ကျောင်းနေအရွယ် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျန်းမာရေး ညီညွတ်သော လူနေမှုစနစ်ပုံစံများ သိရှိနိုင်စေပြီး ကျန်းမာရေးအဆင့်အတန်း တိုးတက်မြှင့်မားစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ယနေ့နံနက် က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် အခြေခံမှုလတန်းကျောင်း အ.မ.က (မကျီးတန်း)ကျောင်း၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ က အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်ရာတွင် ကော့မှူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့် (၁) ဆရာဦးစိုးဝင်းထွန်း က သံကောင်တုတ်ကောင်ရောဂါအကြောင်း သိကောင်းစရာများ၊ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းများအား ပြောကြားခဲ့ပြီး၊ ဆရာဝန် ဒေါက်တာ အိနန္ဒာကျော် စနစ်တကျသွားတိုက်နည်း၊ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါအကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/သူများအား လက်တွေ့ သင်ကြားပြသခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများ က ကျောင်းသား/သူများအား တစ်ကိုယ်ရေကျန်းမာရေး စစ်ဆေးခြင်း သံချဆေးများတိုက်ကျွေးခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)