ဒဂုံအရှေ့ ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် (Book Club) အဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြည့် ဆောင်းပါးစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့မှ ဦးဝင်းသိန်းက လစဉ် စာဖတ်ဝိုင်းများအား ကျင်းပရခြင်းမှ မိမိတို့အနေဖြင့် စာပေများကို ဖတ်ရှုထားခြင်း၊ ယခုလို စာဖတ်ဝိုင်းများ အပြန်အလှန်ဆွေးနွေးခြင်းဖြင့် အများပြည်သူအား အသိပညာ ပြန်လည်ဖြန့်ဝေပေးနိုင်မည် ဖြစ်ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းအိမွန်က ယနေ့စာဖတ်ဝိုင်းများ ကျင်းပရခြင်းမှာ စာပေဗဟုသုများ ရရှိစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိရန် ရှင်းလင်းပြောကြား၍ စာဖတ်ဝိုင်းတွင် စာရေးဆရာဒေါက်တာ ခင်မောင်ညို ရေးသားသော လူငယ်နှင့်အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်းစာအုပ်မှ မျိုးဆက်သစ်လူငယ်၊ လူရွယ်များအတွေးအမြင်၊ အယူအဆများ မှန်ကန်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားစေရန် အနာဂတ်ဖွံ့ဖြိုးရေးတိုးတက်စေရန်အတွက် ရည်ရွယ်ရေးသားထားသည့် လူငယ်များအတွက် ခွန်အားဖြည့်ဆောင်းပါး (၂၈)ပုဒ်ထဲမှ အောင်မြင်ဖို့ တည်ဆောက်ခြင်းအမြင်များ၊ လူငယ်နှင့်စူးစမ်းလေ့လာမှုများ၊ ယုံကြည်စိတ်ချမှုနှင့် ဘဝအမြင်ဆောင်းပါးတို့အား ဖတ်ကြားဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာပေချစ်မြတ်နိုးသူအဖွဲ့အနေဖြင့် မြို့နယ်တွင်ရှိ စာကြည့်တိုက်များ အခြေအနေ၊ နည်လှည့်ကွင်းဆင်းဆောင်ရွက်မှုများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းများအပြင် ပြပွဲ၊ ပြိုင်ပွဲ၊ သင်တန်းများ၊ အစည်းအဝေး၊ ဆွေးနွေးပွဲများကို လစဉ်ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)