ရခိုင်ပြည်နယ် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

စစ်တွေ ဩဂုတ် ၁၂

ရခိုင်ပြည်နယ် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မဇေယျခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက နိုင်ငံတိုင်း၊ နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို  ဖော်ဆောင်နိုင်ရန် လူသားအရင်းအမြစ်ကို အဓိကအဖြစ် လက်ခံထားကြကြောင်း၊ လူသားအရင်းအမြစ်ဆိုသည်မှာ “ပညာ”အပေါ် အဓိက မူတည်တည်ဆောက်ခြင်းဖြစ်ပြီး ပညာရေး ရင်းနှီးမြှုပ်နှံမှုကို အဓိက အလေးထား လုပ်ဆောင်ကြရခြင်းဖြစ်ကြောင်း၊ ပညာပြည့်ဝပြီး ကျန်းမာကြံ့ခိုင်သည့် ပြည်သူများနှင့်သာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနှင့်လည်း ရခိုင်ပြည်နယ်၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နေ့မအား ညမနား ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်သည် နိုင်ငံသားများ ပညာရေးနှင့် ကျန်းမာရေး အဆင့်အတန်းပေါ်မှာ မူတည်သည့်အတွက် မြန်မာနိုင်ငံ၏ အနာဂတ်လူ့စွမ်းအား အရင်းအမြစ်ဖြစ်သော ကျောင်းနေအရွယ် ကလေးများ၏ ကျန်းမာရေးသည် အလွန်အရေးကြီးကြောင်း၊ ကျောင်းသားလူငယ်များ ဉာဏ်ရည် ထက်မြက်ပြီး ကျန်းမာသန်စွမ်းမှသာ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကျောင်း ကျန်းမာရေးလုပ်ငန်းသည် ကြိုတင်ကာကွယ်ခြင်းနှင့် ကျန်းမာမှုမြှင့်တင်ခြင်းအတွက် အခြေခံကျသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဖြစ်ကြောင်းနှင့် ကျောင်းသားလူငယ်များ ကျန်းမာသန်စွမ်းပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးခြင်းသည် အနာဂတ်နိုင်ငံတော်အတွက် အကောင်းဆုံး အရင်းအနှီး ဖြစ်သည့်အတွက် ကျောင်းသားလူငယ်များ ကျန်းမာရေး အဆင့်အတန်းမြင့်မားရန် ပညာရေး၊ ကျန်းမာရေး၊ နှီးနွယ်ဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ မိဘများနှင့် ပြည်သူများအားလုံး ပူးပေါင်းကူညီ ပံ့ပိုး ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာကြည်လွင်က ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း ပြောကြားကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အာဟာရမျှတစေရန် စားသုံးသင့်သော အစားအစာများ ခင်းကျင်းပြသထားခြင်းကို လှည့်လည် ကြည့်ရှုကြပြီး ဘောက်သီးစုရပ်ကွက် အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့်စွက်စာများ ကျွေးမွေးနေမှုနှင့် ကျန်းမာရေးအသိပညာများ မေးမြန်းဆွေးနွေးနေမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယခုနှစ်၏ ကျောင်းကျန်းမာရေးသီတင်းပတ်ဆောင်ပုဒ်မှာ “တစ်မျိုးသားလုံးကျန်းမာဖို့၊ ကျောင်း ကျန်းမာရေးမြှင့်တင်လို့၊ အားလုံးပူးပေါင်း ဆောင်ရွက်စို့” ဖြစ်ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)