မိုးညှင်းမြို့နယ် လွင်ဦးကျေးရွာ၌ မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်သော ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

မိုးညှင်း          ဩဂုတ်         ၁၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လွင်ဦးကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေဖြင့် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးလင်း၊ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ယနေ့နံနက် ၁၀နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြစိမ်းရောင်ကျေးရွာ ကော်မတီဝင်များမှ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ လုပ်ငန်းများအား သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အရည်အသွေး ပြည့်မီနိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ လွင်ဦးကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက် ခဲ့ပြီး သုံးနှစ်ပြည့်မြောက်သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အတိုးရငွေ​၏ ၅၀ ရာခိုင်နှုန်းဖြင့် အလျား(၅၀)ပေ၊ အနံ (၃)ပေနှင့် အမြင့် (၁၃)ပေရှိသည့် ကျေးရွာဘက်စုံသုံးခန်းမကို ငွေကျပ် (၁၂၅) သိန်းဖြင့်ဆောင်ရွက်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် အတိုးရငွေ​၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် သိန်း(၁၂၀)နှင့် ပြည်သူလူထုမှထည့်ဝင်ငွေကျပ် သိန်း(၃၀)ကျပ်ဖြင့်စုပေါင်းပြီး အရှည်ပေ (၁၀၀၀)၊ အကျယ် (၁၂)ပေ၊ ထု (၆)လက်မဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းကို ဇူလိုင်လ (၁၇) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေမှာ ၉၀ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

လွင်ဦးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူ၊ မွေးမြူရေး လုပ်ကိုင်သူနှင့် အရောင်းအဝယ်လုပ်ကိုင်သူ စုစုပေါင်း (၆၄)ဦးအား ငွေကျပ် (၄၅၆)သိန်း ထုတ်ချေးပေးခဲ့ကြောင်း၊ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ အတိုးရငွေဖြင့် ဒုတိယအကြိမ်မြောက် ကျေးရွာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြသိန်ဝင်းထံမှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)