မိုင်းဆတ်မြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများ တူးဖော်ရန်ကွင်းဆင်းစစ်ဆေး

မိုင်းဆတ် ဩဂုတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများတူးဖော်ရန် ယနေ့နံနက်(၈)နာရီခွဲက ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ နှစ်စဉ်မိုးရာသီ ကာလတွင် ရေလမ်းကြောင်းပိတ်ဆို့၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လေ့ရှိပြီး ဝိန်းလိတ်ကျေးရွာအတွင်းရှိ လယ်ယာမြေအချို့ရေနစ်မြုပ်ကာ စိုက်ပျိုးရေးလုပ်ကိုင်ရန် အခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် မယ်ဆွမ်ချောင်းရေလမ်းကြောင်း ပြန်လည်ဖော်ဆောင်ပေးနိုင်ရေး၊ မယ်ဆွမ်မြောက်ရပ်ကွက်၊ လေယာဉ်ကွင်းလမ်း တစ်လျှောက်ရှိ ရေနုတ်မြောင်း အမှတ်(၁)၊ (၂)၊ (၃)နှင့်(၄) တို့တွင် ပိတ်ဆို့နေသည့် နုံးမြေများတူးဖော်ခြင်းနှင့် အမှိုက်သရိုက် ရှင်းလင်းခြင်းများဆောင်ရွက်နိုင်ရေး၊ မြေနိမ့်ပိုင်းဖြစ်ကာ မိုးရာသီကာလတွင် ရေဝင်ရောက်လေ့ရှိသည့် မယ်ဆွမ်တောင်ရပ်ကွက်(နောင်ဟီးရပ်)ရှိ ရေနုတ်မြောင်းများစစ်ဆေးပြီး ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရန် မြို့ပေါ်၊ ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးမှူး ဦးကျော်ခိုင်မြင့်၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်သူ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)