ဒုံဝန်းကျေးရွာတွင် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲ‌တော် ပြုလုပ်

သထုံ ဩဂုတ် ၁၂

ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ်၊ ကရင်တိုင်းရင်းသားတို့၏ ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယမန်နေ့ (ဝါခေါင်လပြည့်နေ့)နံနက်ပိုင်းက သထုံမြို့နယ် ဒုံဝန်းကျေးရွာရှိ အသောကရာမကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဧည့်ပရိသတ်များက အသောကရာမကျောင်းဆရာတော် ဦးပညာစက္ကထံမှ သီလခံယူဆောက်တည်ပြီး ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကာ ကောင်းမှုကုသိုလ်များအတွက် ရေစက်သွန်ချ အမျှတန်း ပေးဝေခဲ့ကြသည်။

ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်တွင် သံဃာတော်များအား ဆွမ်းဆက်ကပ်ပြီး လှူဖွယ်များ လှူဒါန်းခြင်း၊ ရိုးရာအတိုင်း ချည်ဖြူဖြင့် အပြန်အလှန် လက်ချည်ပြီး ဘိုးဘွားများထံမှ ဆုံးမဩဝါဒများနာခံခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြပြီး လာရောက်ကြသူများအား စတုဒီသာများဖြင့် ကျွေးမွေး ဧည့်ခံခဲ့ကြသည်။

ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို နှစ်စဉ်ကျင်းပခြင်းသည် စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာဓလေ့တွေကို ဖော်ထုတ်သည့်အနေဖြင့် ကျင်းပခြင်းဖြစ်ပြီး မိဘဘိုးဘွားတို့အနေဖြင့် မိမိတို့၏ သားသမီးမြေးမြစ်များ တကွဲတပြား မဖြစ်စေဘဲ စုစုစည်းစည်း ချစ်ချစ်ခင်ခင် ရှိကြရန်နှင့် ကျန်းမာပျော်ရွှင်စွာရှိကြစေရန်၊ ကွဲကွာနေသော ဆွေမျိုးစုများ ပြန်လည်တွေ့ဆုံရေး၊ မိသားစုပြန်လည် စုစည်းရေး၊ အချင်းချင်း ချစ်ကြည်သွေးစည်းမှု ခိုင်မြဲရေး၊ ကြီးပွားတိုးတက်စေရေး၊ ဘေးပယောဂ မကောင်းကြံစည်မှုများအား နားမယောင်စေရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကား ပြောနိုင်ရေးတို့အတွက် ရည်ရွယ်ကာ ကျင်းပရခြင်းဖြစ်ကြောင်း သထုံမြို့နယ်တွင် ကရင်တိုင်းသား ၈၀၀၀၀ ဝန်းကျင်ခန့် နေထိုင်လျက်ရှိပြီး ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို သထုံမြို့ပေါ်နှင့် ကရင်တိုင်းရင်းသား အများစု နေထိုင်သည့် ကျေးရွာ ၃၇ ရွာတို့၌ နှစ်စဉ်ပြုလုပ်လေ့ရှိကြောင်း မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ သိရပါသည်။

နဒီ(ပြန်/ဆက်)