တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်

တာချီလိတ် ဩဂုတ် ၁၂

ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ တာချီလိတ်မြို့ပေါ် ရပ်ကွက်နှင့်မိုင်းကိုးကျေးရွာအုပ်စုတို့တွင် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့်ရေကြီးရေလျှံမှုဖြစ်ပေါ်လျှက်ရှိပြီး မိုးများဆက်လက်ရွာသွန်းနေကာ ရေကြီးရေလျှံမှုဆက်လက်မြင့်တက်လျက်ရှိသည်။

ယမန်နေ့ညမှ စတင်ရွာသွန်းသော မိုးသည် ယနေ့ နေ့လယ် ၁၂ နာရီအချိန်ထိရွာသွန်းလျက်ရှိပြီး ယနေ့ နံနက် ရ နာရီမှစတင်၍ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကာ ရေလျှံမှုဆက်လက်မြင့်တက်လျက် ရှိကြောင်း၊ ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ဆန်ဆိုင်း (က)ရပ်ကွက်၊ဆန်ဆိုင်း (ခ)ရပ်ကွက်၊မယ်ခေါင်ရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက် (လားဟူ စျေးနှင့် တော်ကော့တွင်း) စသည့်ရပ်ကွက်များ၌ လမ်းပေါ်နှင့် နေအိမ်များအတွင်း ရေများ စတင်ဝင်ရောက်လျက်ရှိကြောင်း၊ မယ်ယန်းကျေးရွာအုပ်စုနှင့် မိုင်းကိုးကျေးရွာ အုပ်စုတို့တွင်လည်း ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့များ စေလွတ်ထားကြောင်း သိရသည်။

အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ လူမှုကူညီရေးအသင်းများ ဖြစ်ကြသော မေတ္တရှင်၊ အလင်းရောင်း၊ ရွှေမယ်ယန်း၊ အရန်မီးသတ်နှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များကို နယ်မြေအလိုက် တာဝန်အသီးသီး ခွဲဝေသတ်မှတ်ပေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယာဆေး( ပြန်/ဆက်)