သထုံမြို့နယ်အတွင်း ရွေ့လျားကွန်ပျူတာ ဓါတ်မှန်စက်ဖြင့် အဆုတ်(တီဘီရောဂါ)နှင့် ရင်ခေါင်းဆိုင်ရာများ အခမဲ့ စမ်းသပ်စစ်ဆေး ကုသခြင်း လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

သထုံ ဩဂုတ် ၁၂

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်းကျန်းမာရေး စစ်ဆေးရေးအဖွဲ့နှင့် သထုံမြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သော ရွေ့လျား ကွန်ပြူတာဓါတ်မှန်စက်ဖြင့် အဆုတ်(တီဘီရောဂါ)နှင့် ရင်ခေါင်းဆိုင်ရာများ အခမဲ့စမ်းသပ်စစ်ဆေး၊ ကုသခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်က သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ အ.ထ.က(ကျိုက္ကော်)ရွှေရတုခန်းမ၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နယ်လှည့်စစ်ဆေးကုသရာတွင် လာရောက်ပြသသည့် ပြည်သူများအား ရွေ့လျားကွန်ပျူတာ ဓါတ်မှန်စက်ဖြင့် ဓါတ်မှန်ရိုက်စစ်ဆေးပြီး၊ ရောဂါတွေ့ရှိသူများအား သလိပ်စစ်ဆေး၍ သက်ဆိုင်ရာဆေးများနှင့် လိုအပ်သော ကုသမှုများ လမ်းညွှန်ပေးခဲ့ကြောင်း၊ သုဝဏ္ဏဝတီမြို့၌ လာရောက်စစ်ဆေးသူ ပြည်သူစုစုပေါင်း ၁၉၁ ဦးရှိသည့်အနက် ရောဂါပိုး‌တွေ့ရှိသူ ၁၄ ဦးရှိကြောင်း၊ အဆိုပါရောဂါတွေ့ရှိသူများအတွက် ၆ လစာ ဆေးများကို ပေးအပ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများထံမှ တစ်ဆင့် တစ်လစာဆေးကို ထုတ်ယူနိုင်ပါကြောင်း၊ ၎င်းအပြင် လိုအပ်ပါက ဆီးချို၊ HIV စသည့် ရောဂါများလည် စစ်ဆေးပေးကြောင်း နယ်လှည့်ကွင်းဆင်းအဖွဲ့မှ ပြည်နယ် ဆရာဝန်ကြီး ဒေါက်တာထွန်းဦးက ပြောသည်။

အဆိုပါ နယ်လှည့်စမ်းသပ်၊ စစ်ဆေး၊ ကုသခြင်းလုပ်ငန်းများကို သထုံမြို့နယ်အတွင်း ဩဂုတ်လ ၈ ရက်နေ့မှစတင်ကာ ၁၂ ရက်နေ့အထိ ဒေးဗရိန်းကျေးရွာ၊ လိပ်အင်းရပ်ကွက်၊ နောင်ကုလားကျေးရွာ၊ သုဝဏ္ဏဝတီမြို့နှင့် ကတိုက်ကြီးကျေးရွာ စုရပ် ၅ နေရာတို့၌ လိုက်လံဆောင်ရွက်မည်ဖြစ်ပြီး ယမန်နေ့အထိ စုရပ် ၄ နေရာ၌ ပြသ၊ စစ်ဆေးခဲ့သူပေါင်း ၆၀၀ ဦးခန့် ရှိကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)