မိုင်းရယ်မြို့ အ.ထ.က ကျောင်း၌ မီးဘေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်တွေ့သရုပ်ပြ

မိုင်းရယ် ဩဂုတ် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီး၍ မီးဘေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ မီးဘေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်တွေ့သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးသီဟစိုးက မီးဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများအဖြစ် မီးသွေး၊ မီးဖို၊ လျှပ်စစ်နှင့် ဂက်စ်အိုးများအသုံးပြုရာတွင် မီးဘေး အန္တရာယ်ကျရောက်ပါက မီးငြိမ်းသတ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသုံးပြုပုံအဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ လက်တွေ့တပ်ဆင်နည်းများကို သရုပ်ပြခဲ့ပြီး ကျောင်းသား/သူများက လက်တွေ့စမ်းသပ်အသုံးပြုခဲ့ကြသည်။

မိုင်းရယ်(ပြန်/ဆက်)