ညောင်ဦး ဩဂုတ် ၁၂
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၂ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို မြန်မာပြည်အရပ်ရပ်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိသည့် ဆင်စခန်းအသီးသီးတွင် ဆင်စာဘူဖေးကျွေးခြင်းများဖြင့် ကမ္ဘာ့ဆင်များနေ့ကို ကြိုဆိုခဲ့ကြကြောင်း ဆင်စခန်းတာဝန်ခံများထံက သိရသည်။
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၂ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ဆင်များနေ့အား ဆင်စခန်းတာဝန်ခံနှင့် ဆင်ဦးစီး၊ ဆင်ပဲ့ချိတ်များဦးဆောင်ကာ ဆင်စာဘူဖေးကျွေးခြင်းဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။ ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ်ကို ကမ္ဘာပေါ်ရှိဆင်များအား ကာကွယ်ထိန်းသိမ်းကြရန်ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့မှစတင်ကာ ကနေဒါနိုင်ငံသား ရုပ်ရှင်ထုတ်လုပ်သူ Patricia Sims နှင့် ထိုင်းနိုင်ငံအခြေစိုက် Elephant Reintroduction Foundation တို့မှ စတင်ကျင်းပလာခဲ့ရာ ယခုဆိုလျှင် ကမ္ဘာ့ဆင်များနေ့အား ကူညီပံ့ပိုးပေးနေသည့် (Wildlife Organizations) နိုင်ငံပေါင်း (၇၀)နီးပါးရှိနေပြီဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ခံလက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုထံက သိရသည်။
ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ်အဖြစ် ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာဆင်စခန်းသို့ အနောက်ပလင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများဖိတ်ကြားပြီး ပလင်းကမ်းသာယာဆင်စခန်းမှ ဦးမျိုးမင်းကို လက်ထောက်မန်နေဂျာက ဆင်များနှင့်ပတ်သက်၍ ဆင်အကြောင်းသိကောင်းစရာများ ဟောပြောဆွေးနွေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်(လက်ထောက်ညွှန်ကြားရေးမှူ)က ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်နှင့်ပတ်သက်၍ အမျိုးသားစာကြည့်တိုက်၊ တက္ကသိုလ်/ကောလိပ်စာကြည့်တိုက်၊ အထူးစာကြည့်တိုက်နှင့် ပြည်သူ့စာကြည့်တိုက်များအကြောင်း ဟောပြောဆွေးနွေးပြီး ညောင်ဦးမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ဦးဇော်မင်းနိုင်(ဦးစီးအရာရှိ)က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းအရာများဆိုင်ရာ သိကောင်းစရာများအကြောင်း ဟောပြောကာ ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များမေးမြန်းခြင်းအား ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ဘောပင်များ လက်ဆောင်ပေးအပ်ခဲ့ကာ နေ့လယ်စာအာဟာရဖြင့် ဧည့်ခံကျွေးမွေးခြင်းနှင့် ဆင်များအား ဆင်စာဘူဖေးကျွေးခြင်းတို့ဖြင့် ကမ္ဘာ့ဆင်များနေ့အား ကျင်းပခဲ့ကြောင်းသိရသည်။
ကမ္ဘာ့ဆင်များနေ့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားသည့် ဆင်စခန်း(၂၂)ခုလုံး ဆင်စာဘူဖေးကျွေးခြင်းများဖြင့်ကျင်းပခဲ့ကြောင်း ဆင်များအား နာနတ်သီး၊ ဖရဲသီး၊ ငှက်ပျောသီး၊ သခွားသီး၊ ရွှေဖရုံသီး၊ သရက်သီး၊ ကြံ၊ နေပီယာမြက်၊ ကိုင်းမြက်၊ ဝါးရွက်၊ ပြောင်းဖူးတို့အား ဆင်စာဘူဖေးကျွေးခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ