ချောင်းဆုံမြို့နယ်တွင် ဓနိပင်မှ ဓနိဖက်လုပ်ငန်းအပြင် ဓနိဖူးခြောက်လုပ်ငန်းပါ တီထွင်လုပ်ကိုင် လာရာ အဆင်ပြေ

ချောင်းဆုံ ဩဂုတ် ၁၂

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာနေ ဦးသိန်းနိုင်မှ မိရိုးဖလာ ဓနိဖက်လုပ်ငန်းကို လုပ်ကိုင်လာရာမှ ဆေးဖက်ဝင်သည့် ဓနိဖူးခြောက်လုပ်ငန်းကိုပါ တီထွင်ကာဈာန်ဓနိဖူးခြောက် လုပ်ငန်းဖြင့် ပြည်တွင်း/ပြည်ပဈေးကွက်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ရောင်းချနေပြီးဖြစ်ကြောင်း သိရသည်။

ဆေးဖက်ဝင်သည့် ဓနိဖူးခြောက်ကို ၂၀၁၆ ခုနှစ်က စတင်ပြီး နည်းလမ်းအမျိုးမျိုး စမ်းသပ်ကာ စတင်လုပ်ကိုင်ခဲ့ကြောင်း ဓနိခြံရှိသည့်အတွက် ဓနိဖက်လုပ်ငန်း လုပ်ကိုင်လာရာမှ ဓနိဖူးခြောက်ကို ကိုးရီးယားမှ ဝယ်ယူနေသည့် သတင်းကြောင့် စတင်စမ်းသပ်လုပ်ကိုင်ရခြင်းဖြစ်ကြောင်း၊ ဓနိဖူးခြောက်သည် ကျန်းမာရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် ဆေးဘက်ဝင် ဆေးတစ်မျိုးဖြစ်ကြောင်း ဓနိဖူးခြောက်လုပ်ကိုင်သူ ဦးသိန်းနိုင်က ဆိုသည်။        

ယခင်က ကွမ်သဲကျေးရွာ၊ မရမ်းကျေးရွာတို့တွင် ဓနိဖက်ကိုသာ အဓိကထားပြီးလုပ်ကိုင် နေခြင်းဖြစ်ပြီး ဓနိဖူးခြောက်လုပ်ငန်းကို စမ်းသပ်ပြီး လုပ်ကိုင်ခြင်းမရှိကြောင်း ဒေသခံများက ဆိုသည်။ ဓနိဖူးခြောက်ရရှိရန်အတွက် နည်းစနစ်များ သိရှိရန်လိုပြီး ယခင်က ဈေးကွက်မရှိသည့်အတွက်ကြောင့် လုပ်ကိုင်သူ အနည်းအကျဉ်းသာရှိကြောင်း ဓနိခြံပိုင်ရှင်များထံမှ သိရသည်။

 “ဒီလိုပဲ စမ်းသပ်ပြီးတော့ လုပ်ကိုင်ရတာပေါ့။ စစခြင်း လုပ်ကိုင်ရတာဆိုတော့ အဆင်ပြေတယ် လို့မရှိပါဘူး အသိတစ်ဦးက တိုက်တွန်းပြီး ဝါသနာကလဲပါတော့ လုပ်ကိုင်ဖြစ်သွားတာပါ။ တစ်နိုင်တစ်ပိုင် အိမ်တွင်းစီးပွားရေးတစ်ခုအနေနဲ့ပေါ့၊ အခုဆိုရင် ဈာန်ဓနိဖူးခြောက်ကို တစ်ထုပ် (၂၀၀၀)ကျပ်ကနေပြီး (၅၀၀၀)ကျပ်အထိ သတ်မှတ် ဈေးနှုန်းများအလိုက် ရောင်းချနေပြီးဖြစ်ပါတယ်ဟု ဓနိဖူး ခြောက်လုပ်ကိုင်သူက ပြောသည်။

ဓနိဖူးခြောက်သည် လက်ဖက်ခြောက်ကဲ့သို့ ရေနွေးထည့်ကာ သောက်သုံးရသည့် ဆေးဖက်ဝင် ဆေးတစ်မျိုးဖြစ်ပြီး နေ့စဉ်ပုံမှန် သောက်သုံးပေးပါက ဆီးချို၊ နှလုံးသွေးကြောကျဉ်း၊ ကျောက်ကပ်၊ ကင်ဆာရောဂါနှင့် အခြားသော ရောဂါများလည်း ပျောက်ကင်းနိုင်ကြောင်း ဆေးပညာလေ့လာချက်များအရ သိရသည်။

ဇာဇာ(ချောင်းဆုံ)