ညောင်ဦးခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း (ယာယီ) ဖွဲ့စည်း

ညောင်ဦး  ဩဂုတ်  ၁၂

မန္တလေးတိုင်းဒေသကြီးအပါအဝင် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ခရိုင်/ မြို့နယ်များတွင် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက် ရှိကြောင်း၊ ထိုသို့ရောင်းချနိုင်ရန် ညောင်ဦးမြို့နယ်အတွင်း ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ညောင်ဦးခရိုင်ရုံး၊ စားသုံးသူရေးရာဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးသန်းစိုး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ) ဖွဲ့စည်းနိုင်ရေးနှင့် အသင်းဖွဲ့စည်းရခြင်း အကြောင်းအရင်းဖြစ်သည့် ညောင်ဦးခရိုင်နှင့် ခရိုင်အတွင်းရှိမြို့နယ်များမှ စားသုံးသူပြည်သူများ စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးနှင့် စားသုံးဆီနှင့်ပတ်သက်၍ အလုပ်အကိုင်အခွင့်အလမ်းများ၊ သတင်းအချက်အလက်များ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်၊ ညောင်ဦးခရိုင်/မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင်ရန် ရည်ရွယ်ချက်များအား ရှင်းလင်း ဆွေးနွေးသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တက်ရောက်လာသည့် ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်၊ ကျောက်ပန်းတောင်းမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ညောင်ဦး၊ ပုဂံ၊ ကျောက်ပန်းတောင်းမြို့တို့မှ ဆီလုပ်ငန်းရှင်များ ပူး‌ပေါင်းပါဝင်တက်ရောက်ခဲ့ကြောင်း သိရပြီး ညောင်ဦးခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ) ကို အမှုဆောင် (၁၃) ဦး၊ အဖွဲ့ဝင်(၂၂)ဦး၊ စုစုပေါင်း (၃၅) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး (၁/၂)၊ စာရင်းစစ်/ တွဲဘက်စာရင်းစစ်တို့ဖြင့် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း (ယာယီ) အား အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီး ဆီစားသုံးသူ ပြည်သူများအား ဈေးနှုန်းချိုသာသော စားအုန်းဆီရောင်းချနိုင်ရေး အမြန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးသန်းစိုး၏ ပြောကြားချက်အရ သိရသည်။

ကိုကြေးမုံ