မိုင်းပန်မြို့နယ် ဆားဝါးကျေးရွာအုပ်စု၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယား လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းပန်      စက်တင်ဘာ    ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ဆားဝါးကျေးရွာအုပ်စုအတွင်း၌ မိုင်းပန်မြို့နယ်၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၏ နယ်လှည့်ဝန်ဆောင်မှု (Mobile Service Delivery) လုပ်ငန်းအဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးသန်းအောင်နှင့် ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့ နံနက်(၈) နာရီ အချိန်က စတင်ကာ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေဇယား လုပ်ငန်းများအား ကျေးရွာအရောက် သွားရောက်၍ ကွင်းဆင်းဝန်ဆောင်မှု ပေးခဲ့ ရာ ဆားဝါးကျေးရွာအုပ်စု အတွင်းရှိ ဆုပ်ဟွေကျေးရွာ၊ ပိန်းလုံကျေးရွာနှင့် ကန်မောက်လျံ ကျေးရွာများမှ အိမ်ထောင်စု (၂)စု နှင့် ဒေသခံပြည်သူ (၂၁) ဦးမှ လာရောက်၍ ဝန်ဆောင်မှု ရယူခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ၏ နယ်လှည့်ဝန်ဆောင်မှု (Mobile Service Delivery) လုပ်ငန်းအနေဖြင့် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေး အတွက် ဥပဒေနှင့်အညီ စိစစ်ပြီး မြို့နယ်လုံးကျွတ် ကွင်းဆင်း ဆောက်ရွက်ခဲ့ပြီး ပြည်သူများလက်ဝယ်သို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အချိန်နှင့်တစ်ပြေးညီ ထုတ်ပေးလျက်ရှိပါကြောင်း သတင်းရရှိသည်။

ဆန်းမြင့်(ပြန်/ဆက်)