ကျောက်ဆည် ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများဖွံ့ဖြိုးတိုးတက်ပြီး လူနေမှုဘဝမြင့်မားတိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃-ခုနှစ် ဘဏ္ဍာနှစ်၌ ငပြောင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းခင်းပေးလျက်ရှိရာ (၈၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ(၁၀၀)သိန်း၊ ပြည်သူထည့်ဝင်ငွေ၊ လုပ်အား(၅၃)သိန်း၊ စုစုပေါင်းငွေကျပ်(၁၅၃)သိန်းဖြင့် အရှည်(၆၆၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းဖြစ်ကြောင်းနှင့် လမ်းအရည်အသွေးကောင်းမွန်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ပြီး နည်းပညာများ ကူညီပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပြီးပါက ငပြောင်ကျေးရွာမှ အိမ်ခြေ(၁၅၅)အိမ်၊ လူဦးရေ(၆၇၀)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)