ရမည်းသင်း ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် လူငယ်အားကစားကဏ္ဍ ဖွံဖြိုးတိုးစေရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း အနော်ထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ဝင်းက အသိပညာပေး ဟောပြောပွဲကျင်းပြုလုပ်ရခြင်းကို ရှင်းလင်းပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုး က ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာလူပွဲစားများ ဖြား ဆောင်စည်းရုံးမှု၊ လူကုန်ကူးခံသူများပြန်လည်လက်ခံခြင်းနှင့် မိဘရပ်ထံပြန်လည်အပ်နှံခြင်း၊ လူကုန်ကူးခံရသူများအား နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းနှင့်အသက် မွေးဝမ်းကြောင်းပညာရပ်များ သင်ကြားပေးခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရာတွင် ပြည်သူများမှ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်ခြင်းဖြင့် လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးကြစေရန်စသည် တို့ကိုရှင်းလင်းဟောပြောပြီး ရမည်းသင်းခရိုင် အား ကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ထက်ထက်ဝင့်က တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး ပညာရည်ပြည့်ဝစေရေး၊ အားကစားသမားကောင်းများပေါ်ထွန်းလာစေရေးနှင့် အားကစားနည်း(၄) မျိုးဖြစ်သည့်ယှဉ်ပြိုင်အားကစား၊ အပန်းဖြေအားကစား၊ ရိုးရာအားကစားနှင့် လူထုအားကစားတို့ကို အကျယ်တစ်ဝင့်ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်/ဆက်ဦးစီးဌာနက ကျောင်းစာကြည့် တိုက်အတွက်သုတ၊ ရသစာအုပ်များကိုလည်းကောင်း၊ ခရိုင်အားကစားမှူးကဘော်လုံးနှင့် ခြင်းလုံးတို့ကိုလည်းကောင်း လှူဒါန်းရာကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြသည်။
ထို့နောက် ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးကလူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေးနံရံစာစောင်၊ ဓါတ်ပုံပြပွဲနှင့်စာအုပ်၊ စာစောင်များပြသရာ အထက (၁)ကျောင်းသား၊ ကျောင်းသူများမှ လေ့လာကြည့်ရှုခဲ့ကြပြီးသိရှိလိုသည်များကို မှတ်သားထားကြကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)