မိတ္ထီလာမြို့နယ်တွင် ထင်းအစား အခြားလောင်စာတိုးမြှင့်သုံးစွဲစေခြင်းအားဖြင့် သဘာဝတောများပျက်စီးပြုန်းတီးမှု တဖြည်းဖြည်းလျော့နည်းသွားစေရန် ထင်းအစား အခြားလောင်စာသုံး စံပြကျေးရွာအဖြစ်တည်ထောင်

မိတ္ထီလာ သြဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ထင်းအစား အခြားလောင်စာတိုးမြှင့်သုံးစွဲစေခြင်းအားဖြင့် သဘာဝတောများပျက်စီးပြုန်းတီးမှု တဖြည်းဖြည်းလျော့နည်းသွားစေရန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ညောင်အိုင်ကျေးရွာအား ထင်းအစား အခြားလောင်စာသုံးစံပြကျေးရွာတည်ထောင်ထားကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ထင်းအစား အခြားလောင်စာတိုးမြှင့်သုံးစွဲစေခြင်းအားဖြင့် သဘာဝတောများပျက်စီးပြုန်းတီးမှု တဖြည်းဖြည်းလျော့နည်း သွားစေရန်၊ လယ်ယာစိုက်ပျိုးရေးမှ ထွက်ရှိလာသော စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများအား ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာစေရန်နှင့် ထင်းအစား အခြားလောင်စာသုံးစွဲသည့် စံပြကျေးရွာများအား နီးစပ်သောကျေးရွာများမှအတုယူ၍ စံပြကျေးရွာများ တစ်နှစ်ထက်တစ်နှစ် တိုးတက်များလာစေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ စံပြကျေးရွာတည်ထောင်ရန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ကြွယ်ကန်ကျေးရွာအုပ်စု ညောင်အိုင်ကျေးရွာအား ထင်းအစား အခြားလောင်စာသုံး စံပြကျေးရွာအဖြစ် တည်ထောင်ခြင်းဖြစ်ကြောင်း သိရသည်။

ညောင်အိုင်ကျေးရွာသည် မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမှ မိုင် ၂၀ အကွာ၊ ရေဝေ-သဖန်းချောင်းကာလမ်းဘေးတွင် အိမ်ထောင်စု ၁၆၀ ရှိသည့်ကျေးရွာဖြစ်ပြီး ၎င်းကျေးရွာတွင် ထင်းလောင်စာရှားပါးသည့် ကျေးရွာဖြစ်သည့်အတွက် ကျေးရွာရှိအိမ်ထောင်စုများမှ မိမိတို့ နေအိမ်ခြံစည်းရိုးနှင့် ယာစည်းရိုးများတွင် ပေါက်နေသည့် ကန္တာစိမ်းပင်များ၊ ထန်းပေါက်ပင်များအား ကိုင်းချိုင်၍စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများဖြစ်သည့် ပဲစဉ်းငုံရိုး၊ နှမ်းရိုးများတို့နှင့် တွဲဖက်၍ ထင်းအဖြစ်သုံးစွဲလျက်ရှိသည်။ ယင်းအပြင် ကျေးရွာရှိဒေသခံပြည်သူများမှာ ထင်းအစား အခြားလောင်စာသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ထားခြင်းကြောင့် အခြေခံဗဟုသုတများ ရရှိထားပြီဖြစ်သည့်အပြင် ကျေးရွာအနီးပတ်ဝန်းကျင်နှင့် နေအိမ်ဝန်းများအတွင်းရှိ သဘာဝပေါက်ပင်များကို စနစ်တကျသုံးစွဲလျက်ရှိခြင်း၊ အရိပ်ရပင်၊ ပန်းအလှပင်များဖြင့် ဒေသစိမ်းလန်းစိုပြည်ရေးကို တစ်နိုင်တစ်ပိုင် ဆောင်ရွက်ထားခြင်းတို့ကြောင့် ညောင်အိုင်ကျေးရွာကို ထင်းအစား အခြားလောင်စာသုံး စံပြကျေးရွာအဖြစ် တည်ထောင်ခြင်းဖြစ်သည်။

ထိုသို့ ထင်းအစား အခြားလောင်စာသုံးစံပြကျေးရွာအဖြစ် တည်ထောင်ရာတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်တောသစ်ပင်များ၏ တန်ဖိုးနှင့်အနှစ်သာရကို ဒေသခံပြည်သူများ သိရှိနားလည်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေပြီး ထင်းအစား စိုက်ပျိုးရေးစွန့်ပစ် ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချသွားစေရန်နှင့် မိမိတို့အိမ်ခြံဝန်းကျင်စိုက်ပျိုးထားသည့် ပျိုးပင်များအား နောင်တွင်ခုတ်ယူ သုံးစွဲနိုင်သည်အထိ ရည်ရွယ်၍ ပြုစုထိန်းသိမ်းရန် လူထုပညာပေးဟောပြောပွဲများဆောင်ရွက်ခဲ့ပြီး ဇူလိုင်လ ပထမအပတ်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နည်းစနစ်ပြသ၍ကြီးကြပ်ပြီး ဒေသခံကျေးရွာသူ ကျေးရွာသားများနှင့်အတူ ဘက်စုံသုံးစိုက်ခင်းတစ်ရွာ (၁)ဧကတွင် ဒဟတ် ၃၅၀ ပင်၊ ရှား ၃၃၀ပင်နှင့် တစ်အိမ်ထောင်လျှင် ကျွန်း ၃ ပင်နှုန်းဖြင့် ကျွန်းပင် ၄၈၀ ပင်၊ တစ်အိမ်ထောင်လျှင် သစ်မာပင် ၂၀ ပင်နှုန်းဖြင့် ယူကလစ် ၁၅၀၀ ပင်၊ ရင်းမာ ၇၀၀ပင်၊ မြန်မာကုက္ကို ၁၀၀၀ ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ကျေးရွာရှိ အိမ်ထောင်စု ၁၆၀ အား စွမ်းအားမြှင့်မီးဖို (၁၆၀)ကိုအခမဲ့ဖြန့်ဝေခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးဝေယံဖြိုးထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)