ကျောက်ဆည်မြို့နယ်တွင် မုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise နှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်

ကျောက်ဆည် ဩဂုတ်  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise နှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်မှုများကို ဩဂုတ်(၁၂)ရက် နံနက် (၈)နာရီက အမှတ်(၁၆)အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာမြို့နယ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်ငယ်အဖြစ်သို့ရောက်ရှိလာပြီး မကြာမီအချိန်တွင် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရောက်ရှိလာနိုင်ကြောင်း၊  မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ သစ်ပင်ပြိုလဲခြင်း၊ ဓာတ်မီးတိုင်များပြိုလဲခြင်းဖြစ်ပွားနိုင်သဖြင့် မိဘပြည်သူများ အနေဖြင့် ဘေးလွတ်ရာသို့ကြိုတင်ပြောင်းရွှေ့နိုင်ရန်အတွက် မုန်တိုင်းဘေး တုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise နှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးက သဘာဝဘေးကျရောက်ပါက ကြိုတင်သတ်မှတ်ထားသော မိသားစုဆုံရပ်တွင် စုဝေးပြီးပျောက်ဆုံးသူများရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားခြင်း၊ ရေစိုပြီးအနံ့အသက်မကောင်းသော အစားအစာများကို မစားကြရန်၊ ရေသန့်(သို့မဟုတ်) ရေသန့်ဆေးခတ်ထားသောရေ(သို့မဟုတ်) ကျိုချက်ထားသော ရေများကို သောက်သုံးကြရန်၊ ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိပါက သက်ဆိုင်ရာဌာနများသို့ တိုက်ရိုက်ဆက်သွယ်ခြင်း၊ လူမှုရေးအဖွဲ့များမှ တစ်ဆင့် အကြောင်းကြားအကူအညီရယူခြင်းများ ဆောင်ရွက်သွားကြစေလိုကြောင်း အသိပညာပေး ရှင်းလင်းခဲ့သည်။

ထို့နောက် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်မှုများကို ဆက်လက် ဆောင်ရွက်ခဲ့ရာ မုန်တိုင်းအန္တရာယ်ရှိကြောင်း အသိပေးနှိုးဆော်ခြင်း၊ သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ဘေးအန္တရာယ်လွတ်ရာသို့ ကူညီပြောင်းရွှေ့ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ရှာဖွေကူညီကယ်ဆယ်ခြင်း၊ ဆန်၊ အစားအစာနှင့်သောက်ရေသန့်များပေးဝေခြင်း၊ အသိပညာပေးဆွေးနွေးပြောကြားခြင်းများနှင့် ပြန်လည်နေရာ ချထားရေးလုပ်ငန်းများအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)