တံတားဦး ဩဂုတ် ၁၂
တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာအုပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်ငှားရမ်းပေးခြင်းတို့ကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ပေးကြောင်းသိရသည်။
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွင် အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဗဟုသုတရရှိရေးအတွက် ငှားရမ်းဖတ်ရှု လေ့လာသင့်ပါကြောင်း၊ ဒါ့အပြင် ကျောင်းသား/သူများ အဆင်ပြေစေရန်အတွက် သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံများ စီစဉ်ထားရှိပြီး စာအုပ်အသစ်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို စနစ်တကျ လေ့လာမှတ်သားကြစေလိုကြာင်း ပြောကြားသည်။
ထို့နောက် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသော စာအုပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ဝင်တစားလေ့လာဖတ်ရှုကြပြီး Mobile စာကြည့်တိုက်ကို အခမဲ့ငှားရမ်းပေးသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပြည်သူများ စာပေကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန် စာအုပ်များကို ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများအရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆိုအခမဲ့ အသင်းဝင်ရောက်ပြီး အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်းသိရသည်။
ရဲတင့်