ပုဏ္ဏားကျွန်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

ပုဏ္ဏားကျွန်း သြဂုတ် ၁၂

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို  ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆွေက Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို မေးမြန်ဆွေးနွေးခဲ့သည်။

ထိုနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်ဌေးက သဘာဝဘေးအန္တရာယ်ကြောင့် အတိဒုက္ခကြုံတွေ့နေရသော ဒုက္ခသည်များအတွက် လတ်တလော သက်သာချောင်ချိမှု ရရှိစေရေးအတွက် ထောက်ပံ့ပေးခြင်း၊ လူ့အသက်အိုးအိမ်ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက်ပေးနေမှုများ၊ သဘာဝကြောင့် ဖြစ်ပေါ်လာသော မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးခေါင်ရေရှားဘေး၊ မြေပြိုဘေး၊ မိုးကြိုးနှင့် လျှပ်စီးဘေး၊ ငလျင်ဘေး၊ လေပြင်းဘေး၊ ဆူနာမီဘေး စသည့် ဘေးဒုက္ခများ ကျရောက်ပါက ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း အိန္ဒိယနိုင်ငံ၊ သြရိဿပြည်နယ်ကမ်းခြေတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်နှင့်ပက်သက်ပြီး မဖြစ်ပေါ်မီ ကြိုတင်ပြင်ဆင်ရန်၊ ဖြစ်စဉ် ဆောင်ရွက်ရန်၊ ရှောင်ရန်၊ ဖြစ်ပြီးနောက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)