ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၁၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် ပူးပေါင်းအဖွဲ့မှ ရပ်ကွက်အလိုက် ကျန်းမာရေးစစ်တမ်း နေ့စဉ်ကောက်ယူလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီမှစ၍ ခနောင်တိုအနောက်ရပ်ကွက်တွင် ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်တမ်းကောက်ယူရာတွင် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ရပ်ကွက်အတွင်း နေထိုင်သူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ ကိုဗစ်-၁၉ ရောဂါလက္ခဏာ များ ဖြစ်သည့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း/အသက်ရှူရခက်ခြင်း၊ လည်ချောင်းနာခြင်း၊ အနံ့အရသာ ပျောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားအလွန်နာကျင်ခြင်း၊ ချမ်းတုန်ခြင်းစသည့် လက္ခဏာများဖြစ် ပွားပါက ကျန်းမာရေးဌာနသို့ အမြန်ဆုံး အသိပေးအကြောင်းကြားရေး၊ ပြည်ပနိုင်ငံများနှင့် ရခိုင် ပြည်နယ်မှ ပြန်ရောက်လာသူများရှိပါက မြို့နယ်ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား ဆက်သွယ်အကြောင်းကြားရေး၊ မလိုအပ်ပဲ နေအိမ်ပြင်ပ ထွက်ခြင်းမပြုရန်နှင့် မဖြစ်မနေ သွားလာပါက အကာအကွယ် Mask စနစ်တကျ တပ်ဆင်အသုံးပြုရေး၊ ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ပြုမူနေထိုင်ရေးတို့ကို အသံချဲ့ စက်ဖြင့် လိုက်လံကြေညာခြင်း တို့ကို ရပ်ကွက်အလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)