မုဒုံ သြဂုတ် ၁၂
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်ပေးသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ပညာပေး သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိဝတ်ရည်မွန်က ကျေးလက်နေပြည်သူများ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အသိပညာ ဗဟုသုတ တိုးပွားလာစေရန်၊ တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် ဆောင်ရွက်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှု လျော့ကျလာမည်ဖြစ်သည့်အတွက် လုပ်ငန်းများတွင် လိုအပ်သော နည်းပညာ ပိုင်းဆိုင်ရာများကို ပြန့်ပွားလာစေရေးအတွက် သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်
ကြောင်း၊ ရရှိလာသည့် နည်းပညာများကို လက်တွေ့အသုံးချ အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းတွင် မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက GAP ဖြစ်ပေါ်လာရခြင်း အကြောင်းအရာများ၊ စပါးများ စိုက်ပျိုးရာတွင် အရည်အသွေး ကောင်းမွန်ပြီး သီးနှံအထွက်နှုန်း ကောင်းမွန်စေရေး ၊ စပါးရိတ်သိမ်းချိန်လွန် နည်းပညာများ နှင့် ဘက်စုံပိုးမွှားနှိမ်နင်းရေး စသည့် နည်းပညာများကိုလည်ကောင်း၊ မြို့နယ်မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူးက မွေးမြူရေးလုပ်ငန်းများတွင် ရာသီအလိုက် တိရစ္ဆာန်များ၌ ဖြစ်ပွားလေ့ရှိသည့် ရောဂါလက္ခဏာများအကြောင်းနှင့် မွေးမြူရေးကဏ္ဍကို တိုးတက်စေရေး အကြောင်းအရာများအား သင်တန်းသား(၂၀) ဦးတို့ကို လေးရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။
သားငယ် (မုဒုံ)