လယ်ဝေးမြို့နယ်၊ သရက်တောပရိယတ္တိစာသင်တိုက်၌ စာအောင်သံဃာတော်များအား ဂုဏ်ပြုဆုပေးပွဲအခမ်းအနားကျင်းပ

လယ်ဝေး ဩဂုတ် ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်၊ အေလာကျေးရွာအုပ်စု၊ သရက်တောပရိယတ္တိစာသင်တိုက်၌ စာအောင်သံဃာတော်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက ကျင်းပခဲ့သည်။

ရှေးဦးစွာ နမောတသ(၃)ကြိမ်ရွက်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး သရက်တောပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကုမာရ၊ အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတရ၊ မြို့နယ်သံဃာနာယက ဥက္ကဋ္ဌ ဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက (၉)ပါးသီလခံယူဆောက်တည်သည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်းနှင့်ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၃) ဦးမြင့်စိုးနှင့်ဇနီး၊ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များနှင့် အလှူရှင်များက သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ သရက်တောပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကုမာရ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတရ၊ မြို့နယ်သံဃာနာယက ဥက္ကဋ္ဌ ဆရာတော်အားအမှူးရှိသော သံဃာတော်(၉)ပါးမှ စာအောင်သံဃာတော်(၂၃)ပါးအား စာအောင်ဆုများဆက်ကပ်လှူဒါန်းသည်။ ထို့နောက် သရက်တော ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်က ဩဝါဒစကား မြွတ်ကြား၍ ရေစက်ချအနုမောဒနာတရား ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)