မချမ်းဘော့ သြဂုတ် ၁၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် နမ်ခမ်ကျေးရွာအခြေခံပညာ အထက် တန်းကျောင်း(ခွဲ)၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲအား ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်ဥပဒေနှင့် NGO အဖွဲ့တို့ ပူးပေါင်း၍ ကျောင်းသူ၊ ကျောင်းသားများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ မူးယစ်ဆေးဝါး အန္တရာယ်မှ ကင်းဝေးစေရန် နှင့် ပြစ်မှုပြစ်ဒဏ်များအား သိရှိနိုင်ရန် ရည်ရွယ်ကာ ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က ဟောပြောပွဲကျင်းပ ရခြင်း၏ ရည်ရွယ်ချက်များနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အကျယ်တဝင့် အသိပညာပေး ဆွေးနွေး ဟောပြောပြီး ဆရာဦးလဆိုင်းက မူးယစ်ဆေးဝါး အမျိုးအစား၊ မည်သူတွေ သုံးစွဲသလဲ၊ ဆိုးကျိုးအန္တရာယ်၊ ပျက်စီးစေနိုင်သည့်ကဏ္ဍ (ဗလငါးတန်)နှင့် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးကို လုံးဝမမြည်း စမ်းကြရန် တိုက်တွန်းဟောပြောသည်။
ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးပြေထက်ပိုင်က မူးယစ်ဆေးဝါးဆိုတာဘာလဲ၊ ဥပဒေရည်ရွယ်ချက်နှင့် ရေရှည်မူးယစ်ဆေးသုံးစွဲသူ၏ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ၊ ရောင်းဝယ်ဖောက်ကားသူများအား အရေးယူ ခြင်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ တရားမဝင် လက်ဝယ်ထားရှိသူများအား အရေးယူခြင်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ် များနှင့် မူးယစ်ဆေးဝါးကို ကျောင်းသား၊ ကျောင်းသူများ မထိတွေ့မသုံးစွဲကြရန် အကျယ့်တဝင့် ဟောပြော ဆွေးနွေးသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်း ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ကြည့်ရှုအားပေးခဲ့ကြပြီး ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ စုစုပေါင်းအင်အား (၁၆၀)ခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)