ကျောက်ဆည်မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲ၌ အောင်မြင်တော်မှုခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကျောက်ဆည်  ဩဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင်  ၂၀၂၂ခုနှစ် မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ ကျောင်းတိုင်ဆရာတော်ကြီးမှူးကျင်းပခဲ့သည့် မြို့နယ်လုံးဆိုင်ရာဝိနည်းစာမေးပွဲ၌ အောင်မြင်တော်မှုခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ် ၁၂နာရီအချိန်က ဆူးကုန်းရပ်ကွက် သီရိသာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဇော်သူဟိန်း မင်္ဂလာဆိုင်းတော်အဖွဲ့မှ ဓမ္မတေးဖြင့်ပူဇော်ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ ဧရာဝတီပရိယတ္တိစာသင်တိုက် ဘဒ္ဒန္တပါမောက္ခ ဘိဝံသအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည် ဩဝါဒကထာနာယူကြည်ညိုကာ  မြို့နယ် သံဃာနာယက ဥက္ကဋ္ဌ ရွှေစေတီကျောင်းဆရာတော် ဘဒ္ဒန္တပညာသာမိမှ အောင်လက်မှတ်ဆက်ကပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းမိန့်ကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက သံဃာတော်များကို လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဘဒ္ဒန္တပါ မောက္ခဘိဝံသထံမှအနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကာ စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့်ဆုများချီးမြှင့်ခဲ့ကြောင်းနှင့် ကျောက်ဆည်မြို့နယ် ဒုတိယဥက္ကဋ္ဌ ဆရာတော်မှ ဘွဲ့ရ ဆရာတော်များ၏ ထေရုပ္ပတ္တိဖတ်ကြားပူဇော်ခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ဝိနည်းစာမေးပွဲတွင် စာဖြေသံဃာတော်(၄၅၈)ပါး ဝင်ရောက်ဖြေဆိုခဲ့ရာ(၃၂၄)ပါးအောင်မြင်ခဲ့ပြီး ဂုဏ်ထူးရသံဃာတော်(၁၅၉)ပါးနှင့် ရိုးရိုးအောင်မြင်သည့် သံဃာတော် (၁၆၅) ပါးရှိကြောင်း သိရသည်။

တင်တင်ထွေး