မိုင်းပျဉ်း သြဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ အမှတ်(၁၈) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုမှ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက မိုင်းပျဉ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ အမှတ်(၁၈)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး အောင်ကျော်ဇင်က လူကုန်ကူးမှုခံရပါက စိစစ်ဖော်ထုတ် ဆောင်ရွက်ရမည့်လုပ်ငန်းများအဆင့်ဆင့်ကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ပါသည်။
ထို့နောက် အမှတ်(၁၈) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး အောင်ကျော်ဇင်က မြို့နယ်အမျိုးသမီးရေးရာနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းထံသို့ လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းနမူနာပုံစံ(၁)နှင့် လူကုန်ကူးခံရသူ ကလေးသူငယ်အားအပ်နှံခြင်း နမူနာပုံစံ(၂)တို့ကိုပေးအပ်ပါသည်။ ၄င်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား(၃၅)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ ယင်းဖွင့်ပွဲအခမ်းအနားအပြီးတွင် ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးသင်တန်းပို့ချဆွေးနွေးမှုကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး သင်တန်းကာလမှာ ၁၁−၈−၂၀၂၂ ရက်နေ့မှ ၁၃−၈−၂၀၂၂ ရက်နေ့အထိ (၃)ရက်တိတိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နန်းသန္တာဦး(ပြန်ဆက်)