စစ်တွေ ဩဂုတ် ၁၁
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဝါတွင်းကာလ လပြည့်အဖိတ်နေ့တိုင်း သံဃာအပါး (၅၀၀)တို့အား ဆွမ်း၊ ဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီ တော်မြတ်ကြီးအတွင်း၌ ကျင်းပသည်။
ဆွမ်း၊ ဆန်စိမ်း လောင်းလှူပွဲသို့ စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီး၊ ဝါကြီး ဆရာတော်ကြီးများ၊ ကျောင်းတိုက် အသီးသီးမှ ရဟန်း၊ သံဃာများနှင့် သာမဏေများ ကြွရောက်တော်မူကြပြီး ဆွမ်း၊ ဆန်တော်များ အလှူခံကြသည်။
ဆွမ်း၊ ဆန်တော် လောင်းလှူခြင်းနှင့် ပတ်သက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (စစ်တွေခရိုင်ဘဏ်ခွဲ) မန်နေဂျာ ဦးမိုးဇော်ရွှေက “စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီးတော့ ဆွမ်း၊ ဆန်တော်လောင်းလှူပွဲကို နှစ်စဉ်နှစ်တိုင်း ဝါတွင်းကာလအဖိတ်နေ့တွေမှာ ပြုလုပ်ကြပါတယ်၊ ကျွန်တော်တို့ ဌာနကလည်း ဝန်ထမ်းတွေ စုပေါင်းပြီးတော့ ဆွမ်း၊ ဆန်တော်နဲ့ လှူဖွယ်ဝတ္ထုတွေကို လောင်းလှူကြပါတယ်၊ ရဟန်း၊ သံဃာတွေ ဝါတွင်းကာလမှာ ဆွမ်းဝေယျာဝိစ္စ အဆင်ပြေစေဖို့ အခုလို စုပေါင်းပြီးတော့ ကုသိုလ်ဒါန ပြုလုပ်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်၊ နောက်လာဖို့ လပြည့်ဥပုသ်နေ့မတိုင်မီ အဖိတ်နေ့တွေမှာလည်း စုပေါင်းလောင်းလှူနိုင်ဖို့ စီစဉ်ထားပါတယ်” ဟု ပြောကြားသည်။
အဆိုပါ ဆွမ်း၊ ဆန်တော်လောင်းလှူပွဲသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများ၊ လှူမှုရေးအဖွဲ့အစည်းများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြပြီး ဆွမ်း၊ ဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)