မိုင်းရယ်၌ ကိုဗစ်ကာလအတွင်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

မိုင်းရယ် ဩဂုတ် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပြည်သူများ ကပ်ရောဂါ ထိန်းချုပ်၊ ကုသ၊ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာများနှင့်အတူပူးပေါင်း၍ စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ခဲ့ကြ သည့် လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခမ်းမ၌ ပြုလုပ်သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က ကိုဗစ်ကာလအတွင်းသာမက သဘာဝဘေးဆိုင်ရာကိစ္စရပ်များနှင့် အများပြည်သူ သာရေး၊ နာရေးများတွင်ပါ မိမိတို့ ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ မိမိမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအကျိုးကို ရှေးရှု၍ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လူမှုရေးအသင်းအဖွဲ့များအား အထူးကျေးဇူးတင်ကြောင်းနှင့် ဌာနဆိုင်ရာများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျေးဇူးတင်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လူမှုရေးအသင်းအဖွဲ့များဖြစ်သည့် ဟိတဓရလူမှုကူညီရေးနှင့်သွေးလှူရှင်အသင်းနှင့် ကမ်းမယ့်လက်လူမှုကူညီရေး အသင်းတို့မှတာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ခဲ့သည်။

အဆိုပါ လူမှုရေးအသင်းအဖွဲ့များသည် ကိုဗစ်ကာလအတွင်း အောက်ဆီဂျင်များရှာဖွေ စုဆောင်းပေးခြင်း၊ ဆေးထိုးခြင်း၊ ရပ်ကွက်/ကျေးရွာများတွင် ပိုးသတ်ဆေးဖျန်းခြင်း၊ ပိုးတွေ့လူနာများအား ဆေးရုံသို့ပို့ဆောင်ပေးခြင်း၊ ပြင်းထန်ကိုဗစ်လူနာများအား လားရှိုးဆေးရုံသို့ ပို့ဆောင်ပေးခြင်း၊ လူတိုင်းပါးစပ်နဲ့ နှာခေါင်းစည်းဝတ်ဆင်ရေးလှုပ်ရှားမှု စသည့်လုပ်ငန်းများတွင် ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။       

မိုင်းရယ် (ပြန်/ဆက်)