ပြင်ဦးလွင်မြို့နယ်တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက ၊ အရေး၊ အတီး (မြို့နယ်အဆင့်) ပြိုင်ပွဲဖွင့်ပွဲကျင်းပ

ပြင်ဦးလွင်  ဩဂုတ်  ၁၀

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (မြို့နယ်အဆင့်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီခွဲ အချိန်က ပြင်ဦးလွင်မြို့နယ်၊ အ.ထ.က (၄) ကျောင်းရှိ ကံ့ကော်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်စန်းစန်းနွဲ့နှင့် ဆရာ/ဆရာများ၊ မြို့နယ် သဘင်အစည်းအရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ပြိုင်ပွဲအကဲဖြတ်ဒိုင်များနှင့် အနုပညာချစ်မြတ်နိုးသူပြည်သူများ စုံလင်စွာတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးသောင်းမြင့်သိန်းက အဖွင့်အမှာစကားပြောကြား ရာ၌ နိုင်ငံတော်က (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ဦးတည်ချက် (၄) ရပ်ဖြင့် ကျင်းပ မည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့် ပြိုင်ပွဲများမှ သတ်မှတ်ပြိုင်ပွဲ အဆင့်အလိုက် ယှဉ်ပြိုင်ပြီးနောက် ပြင်ဦးလွင်ခရိုင်အဆင့်ပြိုင်ပွဲများကိုလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းနွဲ့က ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ယခုကဲ့သို့ မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရာ၌ အနုပညာဗီဇ၊ ဝါသနာပါသော ကျောင်းသား/ ကျောင်းသူများကို ပါဝင်ယှဉ်ပြိုင်စေပြီး မြို့နယ်အဆင့်မှ ခရိုင်အဆင့်၊ တိုင်းအဆင့်စသဖြင့် ဗဟိုအဆင့်အထိ ပါဝင်ယှဉ်ပြိုင်နိုင်မည့် ကျောင်းသား လူငယ်မောင်မယ်များထွက်ပေါ်အောင် အခြေခံပညာရေး အဆင့်မှ ပူးပေါင်းပါဝင်ကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းရာရောက်စေသည့် ပြိုင်ပွဲများဖြစ်သည့် အတွက် ဝမ်းမြောက်မိပါကြောင်း ရှင်းလင်းပြောကြားပြီး ပြင်ဦးလွင်မြို့နယ် သဘင်အစည်းအရုံး ဥက္ကဋ္ဌဦးအောင်မင်းက ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများနှင့် ပတ်သက်၍ ပြိုင်ပွဲဝင်များ သိရှိနားလည် သဘောပေါက်စေရေး အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်များ၏ အခြေခံပညာအဆင့် ကျေးလက်ရိုးရာအကပြိုင်ပွဲ ၊ ၂၃ ကြိမ်မြောက် မြို့နယ်အဆင့်  ပြိုင်ပွဲဝင်များက အဆို၊ အကများဖြင့် တစ်ဦးချင်း၊ အဖွဲ့လိုက်ဖျော်ဖြေတင်ဆက်နေမှုများကို တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြူလူသစ်