မလှိုင်မြို့၌ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင် သံဃာ့ဒါနဆွမ်းလောင်းလှူပွဲကျင်းပ

မလှိုင် ဩဂုတ်  ၁၁

မန္တလေးတိုင်းဒေသကြီး၊  မလှိုင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း (၃၀)တို့တွင် သီတင်းသုံးတော်မူသော သံဃာတော်အရှင်သူမြတ်များ ဆွမ်း၊ဆွမ်းဟင်း၊ ဘောဇဉ်များ ပြည့်စုံမှုရှိစေရန် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရွှေမုဋ္ဌောဂေါပကအဖွဲ့တို့မှ ဦးဆောင်၍ သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် ရွှေမု‌ဋ္ဌောဘုရား ကြီး၏ အရှေ့ဖက် ဒေါ်လှချုံအာရုံခံတန်းဆောင်းအတွင်း၌ လောင်းလှူခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဆွမ်း၊ ဆွမ်းဟင်း၊ဘောဇဉ်များ လောင်းလှူကြမည့် အလှူရှင်များက မလှိုင်မြို့ပုဗ္ဗာရုံရတနာဦးကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တနိပုဏထံမှ ကိုးပါးသီလခံယူပြီး လှူဒါန်းမှု အစုစုအတွက် ဆွမ်းရေစက်ချတရားနာယူကာ  အမျှအတန်းများပေးဝေခဲ့ကြသည်။

ထို့နောက် မြတ်စွာဘုရား အမှူးရှိသော သံဃာတော်အရှင်သူမြတ် အပါး(၃၇၀)ကျော်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးဌေးသန်း၊ ဦးအောင်ကျော်သူတို့နှင့် ဌာနဆိုင်ရာများ၊ ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်းနှင့်ဘောဇဉ်များ လောင်းလှူခဲ့ကြ သည်။

မလှိုင်မြို့နယ်တွင် ဝါတွင်းကာလ(၁၃)ပတ်တွင် အပတ်စဉ် ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူခဲ့ကြသည်မှာ ပဉ္စမအကြိမ်မြောက် လောင်းလှူခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် ဝါတွင်းကာလသတင်းပတ်များတွင်လည်း ဆက်လက်လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)