ဝမ်းတွင်းမြို့နယ်တွင် ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရန် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်

ဝမ်းတွင်း သြဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ဝက်လက်ကျေးရွာတွင် ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း မူလရန်ပုံငွေ ၂၆.၇၈ သန်းဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေအဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် မြေသားရေကန် ပြန်လည်တူးဖော်ပြုပြင်ခြင်းလုပ်ငန်း၊ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာမှ  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း မူလရန်ပုံငွေ ၂၆.၇၈ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် Triple Thar Co;Ltd မှ တာဝန်ယူပြီး မြို့နယ်အတွင်းရှိ ဝက်လက်ကျေးရွာတွင် အနက်ပေ ၄၀၀ ရှိ လေးလက်မစက်ရေတွင်း တူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ ရေစင် တည်ဆောက်ခြင်း၊ အလျား ၅ ပေ၊ အနံ ၅ ပေ၊ အမြင့် ၇ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်းနှင့် ပေ ၂၈၀၀ ရှိ နှစ်လက်မ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို  သြဂုတ်လ ၄ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ဝက်လက်ကျေးရွာရှိ အိမ်ခြေ ၁၁၆ အိမ် ၊ လူဦးရေ ၆၇၂ ဦးတို့မှာ သောက်သုံးရေအတွက် အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)