“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ (၅) နှစ်အောက်ကလေးငယ်များ အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု ပြုလုပ်ဆောင်ရွက်

ဟိုပန် ဩဂုတ် ၁၁

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဟိုပန်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ အသက်(၅)နှစ်အောက် ကလေးငယ် များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းက ဟိုပန်မြို့ရှိ မူလတန်းကြိုကျောင်းများ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း နာယက ဒေါ်အားရီနှင့် အသင်းဥက္ကဋ္ဌ ဒေါ်နွေမိုးအေးတို့က ဦးဆောင်၍ အဖွဲ့ဝင်များနှင့် ဟိုပန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ပြည့်ကိုကိုနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကာ ရုံးကုန်းရပ်ကွက်၊ မူလတန်းကြိုကျောင်းရှိ  ကလေးငယ်(၁၀၀)ဦးနှင့် ကောင်းဟုန်းရပ်ကွက်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းရှိ ကလေးငယ်(၁၅)ဦး စုစုပေါင်း အသက်(၅)နှစ်အောက် မူကြိုကလေးငယ် (၁၁၅)ဦးတို့အား ကျန်းမာရေးနှင့်ညီညွတ်သည့် အစာအာဟာရများ စာသောက်စေရေး အသိပညာပေးဟောပြောပေးခြင်း၊ အာဟာရအုပ်စုသုံးခုနှင့် ညီမျှအောင်စားသောက်တက်ကြစေရေး လက်တွေ့သရုပ်ပြသခဲ့ခြင်းနှင့်  ကြက်သားဆန်ပြုတ်၊ ပဲနို့၊ ပူတင်းပေါင်မုန့်နှင့် ကြက်ဥပြုတ် စသည့်အာဟာရများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

၎င်းအပြင် (၅) နှစ်အောက်ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ပြုလုပ်ဆောင်ရွက်သည့် ပူးပေါင်းအဖွဲ့က မူလတန်းကြိုကျောင်းများရှိ ကလေးများအား ငွေကျပ် နှစ်သိန်း တန်ဖိုးရှိသည့် ကလေးကစားစရာပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)