စဉ့်ကိုင် ဩဂုတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် (၉) နာရီက ကျောင်းသား/သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်၀င်း၀င်းသန်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ပေါ်ပေါက်လာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအမြင် ဗဟုသုတများ ပိုမိုကြွယ်ဝလာစေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် လူငယ်များပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒေါ်ခင်စန်း (မြို့နယ်အမျိုးသမီးရေးရာ) က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး မူလတန်းအဆင့် ကျောင်းသား/သူ(၂၀)ဦးတို့မှ ပုံပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများမှ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ဆုများအသီးသီးချီးမြှင်ခဲ့သည်။
အလားတူ မွန်းလွဲ (၁) နာရီတွင် ကျောင်းသား/သူများ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများကို မှန်ကန်စွာ ဖတ်တတ်စေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်စေရန်၊ စာပေဖတ်မှုမှုအဖြတ်အတောက် မှန်ကန်စေရန်၊ စာပေမှရရှိသည့် အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အေးအေးမိုး