မြစ်ကြီးနား ဩဂုတ် ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အခြေခံပညာအဆင့်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေးနှင့်အတီးပြိုင်ပွဲတွင် ဆုရရှိသော ပြိုင်ပွဲဝင်ကျောင်းသား/ သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသော ကျောင်းသား/သူများအား မြို့နယ်ပညာရေးမှူးနှင့် အမှတ်ပေးဒိုင်အဖွဲ့တို့မှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲအတွင်း ပါ၀င်ကူညီပေးခဲ့သည့် ဒိုင်များအား ဂုဏ်ပြုအမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိသည့် မမိုးပြည့်စုံက ပြည်နယ်အဆင့်သာမက ဗဟိုအဆင့်ထိ ပထမဆုရရှိရန် ဇွဲ၊ လုံးလ၊ ဝိရိယမလျှော့ဘဲ ဆက်လက် ကြိုးစားသွားမည်ဟု ပြောသည်။
အဆိုပါ ပြိုင်ပွဲကို ဩဂုတ်လ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ (၂) ရက်အကြာ မြစ်ကြီးနားမြို့နယ် အခြေခံပညာအဆင့် ကျောင်းပေါင်း(၁၇)ကျောင်းမှ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၉၆) ဦးတို့က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (၁၇) မျိုးဖြင့် ယှဉ်ပြိုင်ခဲ့ ကြကြောင်း သိရသည်။
ယော်ဆောင်(ပြန်/ဆက်)