လွိုင်လင်မြို့၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် ရုံးဖွင့်လှစ်

လွိုင်လင် ဩဂုတ် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတာဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အမှတ်(၃)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(လွိုင်လင်)တပ်ဖွဲ့စိတ်ရုံး ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက လွိုင်လင်ခရိုင်ရဲတပ်တပ်ဖွဲ့မှူးရုံးတွင်ကျင်းပသည်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မြင့်ထူးက တပ်ဖွဲ့စိတ်ရုံး( လွိုင်လင်) ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့သည် တရုတ်နိုင်ငံသို့လည်းကောင်း၊ ထိုင်းနိုင်ငံသို့လည်းကောင်း သွားရောက်နိုင်သည့် လမ်းဆုံမြို့ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကွာဟမှုအရ  ပြင်ပနိုင်ငံများသို့ တရားမဝင် သွားရောက်လုပ်ကိုင် ဆောင်ရွက်ကြရာမှ လူကုန်ကူးမှုများဖြစ်ပွားလျက်ရှိကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်‌ဆောင်ရွက်နိုင် ရန်ရည်ရွယ်ပြီး လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့အနေဖြင့် တပ်ဖွဲ့စု/တပ်ဖွဲ့စိတ်များကို တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်အထိ တပ်ဖွဲ့မှူးရုံး(၁)ရုံး၊ တပ်ဖွဲ့စု(၂၀)စု၊ ကလေး သူငယ်စောင့်ရှောက်ရေး တပ်ဖွဲ့စု(၃)စု၊ တပ်ဖွဲ့စိတ်(၆၄)စိတ် ဖွင့်လှစ်ပြီးဖြစ်ကြောင်း၊ အမှတ် (၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် လွိုင်လင် အနေဖြင့် လွိုင်လင်ခရိုင်၊ နမ့်စန်ခရိုင်၊ လင်းခေးခရိုင်နှင့် မိုင်းရှူးခရိုင်များတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ နှိမ်နင်းရေးလုပ်ငန်း များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

အမှတ်(၃)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(လွိုင်လင်)တပ်ဖွဲ့စိတ်ရုံးကို လွိုင်လင် တပ်နယ်မှူး ဗိုလ်မှူးကြီးသန်းထွန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးကံစောလှိုင်နှင့်   လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မြင့်ထူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ အခမ်းအနားအစီးအစဉ် ဒုတိယပိုင်းကိုကျင်းပရာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မြင့်ထူးက လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ နှိမ်နင်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

လွိုင်လင်မိုး