မိုင်းဆတ်မြို့၌ လူငယ်ရေးရာဟောပြောပွဲနှင့် အိုဇုန်းလွှာထိန်းသိမ်းခြင်းဆိုင်ရာ ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းဆတ် ဩဂုတ် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လူငယ်ရေးရာဟောပြောပွဲနှင့် အိုဇုန်းလွှာထိန်းသိမ်းခြင်းဆိုင်ရာ ဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီက သဗ္ဗညုဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ပွင့်ဖြူက အိုဇုန်းလွှာမပျက်ဆီးစေရန် ထိန်းသိမ်းကာကွယ်ခြင်းများ၊ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု မရှိစေရန် ဆောင်ရန်/ရှောင်ရန်များ၊ အိုဇုန်းလွှာပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်သည့်အချက်များကို ရှင်းလင်းဟောပြောသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်သဲစုပိုင် က မျိုးဆက်သစ်ကျောင်းသားလူငယ်များသည်  အနာဂတ်တွင် နိုင်ငံ့ခေါင်းဆောင်များအဖြစ် ပေါ်ထွန်းလာနိုင်ကြောင်း၊ ဗဟုသုတများ အသိပညာများ၊ ပိုမိုတိုးပွားလာစေရန် စာအုပ်စာပေများ ဖတ်ရှုလေ့လာသင့်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  အိုဇုန်းလွှာထိန်းသိမ်းခြင်းဆိုင်ရာ  အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံများပြသမှုအား ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)