ပုဇွန်တောင် သြဂုတ် ၁၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ပြည်သူများ ရာနှုန်းပြည့် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးလွှမ်းခြုံမှုရရှိစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၉:၀၀) နာရီမှ နေ့လယ်(၁၂:၀၀)နာရီအထိ အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းတွင် ထပ်ဆောင်းကာကွယ်ဆေး Booster (covishield) ထိုးနှံခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေးအသင်းများမှ ပြည်သူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်းရှိ/မရှိ၊ ကာကွယ်ဆေးများ ထိုးနှံထားခြင်း ရှိ/မရှိ စနစ်တကျစစ်ဆေးပြီး ဆေးထိုးအဖွဲ့(၂)ဖွဲ့ဖြင့် ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမှု ပထမအကြိမ်နှင့် ဒုတိယအကြိမ် ရာနှုန်းပြည့် ထိုးနှံပြီးစီးခဲ့ပြီဖြစ်ပြီး ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်လွှမ်းခြုံမှုရှိစေရန် ထပ်ဆောင်းကာကွယ်ဆေး Booster (covishield) ထိုးနှံခြင်းလုပ်ငန်းကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဟန်စုယဉ်